<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

ညစောင့်

February 29, 2008




မထူးဇာတ် ခင်းပြီး ကုန်းကြောင်းပဲ လျှောက်ပြန်လာခဲ့တယ်။ မျက်နှာ မသစ်ရသေးတဲ့ မနက်ခင်းဟာ လင်းလင်းမှောင် နေတယ်။ ငါ့ရှေ့က အသဲကွဲရောင် ထနေတဲ့ မျဉ်းကြားနဲ့၊ ဖြူမိုင်းနေတဲ့ ငါ့ရာဘာဖိနပ်ဟာ လမ်းမနဲ့ မလိုက်ဖက်ဘူး။ ငါးဖယ်တစ်ကောင်ကို အုန်းပင်ပေါ် ပစ်တင်ထားသလိုပဲ။ သောက်ရေးထဲ ဓါတ်မီးက ပြုတ်ကျသေးတယ်။ လူ ခလုတ်တိုက် လဲလို့ နှဖူးကွဲချင်ကွဲ၊ ကိစ္စမရှိဘူး။ ဒီ ဓါတ်မီး ကွဲသွားလို့ကတော့ သုံးရက်စာ ထမင်း မစားနဲ့တော့ဟေ့။

ဟပ်ထိုးဆွဲနေတဲ့ ခွေးဝဲစားကို ပိတ်ကန်လိုက်တော့ ဂိန် တဲ့။ ဘ၀မှာ ဂိန်လို့တောင် မအော်နိုင်ရှာဘဲ ပိတ်ကန် ခံလိုက်ရတဲ့ သူတွေ ဘယ်လောက်များ ရှိခဲ့ကြပြီလဲ။ အကန် ခံထားရသလား မခံထားရလား ကိုယ့်ဟာကိုယ် မသေချာလို့ ကိုယ့်ကျော ကိုယ်ပြန် စမ်းကြည့်တော့ နဲနဲ အောင့်နေသလိုလို ခံစားရပြန်တယ်။ ဆိုရှယ်လစ် ခေတ်မှာ ကလေး ဖြစ်ခဲ့တော့ ဓါတ်တိုင်က မီးသီးကို လောက်လေးနဲ့ ပစ်ခွဲချင်စိတ်က တခါတလေ ပေါ်လာ တတ်သေးတယ်။

မောင်ဝဲစားက ဂိန် ဂိန် ဂိန် ဂိန်နဲ့ ထပ်ကာ ထပ်ကာ အော်နေတော့ နှစ်ထပ်တိုက် အပေါ်ခန်းက မီးပွင့်လာပြီး ပြူတင်းပေါက်ကို လူတစ်ယောက်က တွန်းဖွင့်လိုက်တယ်။ အလင်းနောက်ခံနဲ့ အမှောင်ရိပ်က အိပ်ချင်မူးတူး အသံနဲ့ ခွေးမသားလို့ ဆဲတယ်။ ခွေးကို ခွေးမသားလို့ ပြောတာဟာ ဆဲတာတော့ မဟုတ်လောက်ပါဘူး ထင်ပါတယ်။ လူကို လူမသားလို့ အသိ အမှတ် ပြုမဲ့ လူတွေ မရှိတာကတော့ ရင်နာဖို့ကောင်းတယ်။

အိပ်ကောင်းချင်းနဲ့ အိပ်ပျော်နေတဲ့ သူကို လမ်းပေါ်မှာ အိမ်ကို လမ်းလျှောက် ပြန်နေတဲ့ သူက နှိုးလိုက်မိတာ အပြစ်ရှိလား။ ပဲပြုတ်... တဲ့။ ၀ယ်မစားနိုင် ခဲ့တာတောင် ကြာပြီ။ ပဲပြုတ်သည်ကိုပဲ ချောင်းရိုက်ပြီး ခိုးစားရမလား... ငါ့ အမေခမျာ တော်တော်စားချင်နေ ရှာတယ်။ လူက မပြည့်စုံတော့ ကိုယ်ကျင့်တရားဆိုတာ ဘယ်နားနေမှန်း မသိတော့ဘူး။ အူမ တောင့်မှ သီလစောင့်နိုင်တယ် ဆိုတော့ တစ်ခါက ငါးခြောက်ခိုးစားနေတုန်း သူ့ကို ဓားနဲ့ ပစ်လိုက်လို့ အမှီးပြတ်နေတဲ့ ရွှေတိုးက ညောင်... တဲ့။ သူကတော့ သူတော်ကြောင် ဖြစ်မယ်။

အိပ်ပြန်ရောက်ရင် ထမင်းအိုးထဲမှာ ထမင်းကြမ်းခဲ တစ်ခဲရှိမယ်။ ကြောင်အိမ်လေးထဲမှာ ကြက်သွန်နီ တစ်ဥရှိမယ်။ တခါတရံမှာ ဟိုတယ်ကြီးရဲ့ နောက်ဖေးမှာ အသားတုံးတွေ မကုန်လို့ ပစ်ထားတာတွေကို ပြန်ပြန် မြင်မိတယ်။ သစ်ကိုင်းချောက်က ချွတ်ခနဲ အသံ မြည်တယ်။ ငါ့မျက်စိကို ငါ ပွတ်လိုက်တယ်။ သူတို့ များများစားရဖို့ ငါတို့ လျှော့စားနေ ရတာပါလား။

ကတ္တရာလမ်းက မဆုံးသလို ငါ့ဘ၀လည်း ဘယ်တော့မှ ဆုံးမယ်မသိ...။ လမ်းရှည်တိုင်း ဆက်ဆက်လျှောက်တော့ ဖိနပ်ပါးတယ်။ ငါလည်း ဖိနပ်နဲ့ အတူ ပါးလာခဲ့ပြီ။ တခါက ကောင်လေး တစ်ယောက်ကို မိတယ်။ သူ့ခမျာ စက်ရုံ ၀င်းဒေါင့်က သံချေးတက်နေတဲ့ ပီပါခွံလေးကို လာခိုးတာပါ။ အဲဒါမတိုင်ခင် တစ်ပတ်က သန့်ရှင်းရေး ဦးဝတုတ်ကြီးက မန်နေဂျာ ကို မေးတယ်။ အဲဒီပီပါ မသုံးတော့ဘူးလားဆိုတော့၊ အင်း... မသုံးတော့ဘူး။ အဟောင်း ၀ယ်တဲ့သူလာရင် ရောင်းလိုက်၊ ပြီးရင် ကုမ္ပဏီ ငွေစာရင်းထဲ ထည့်ဖို့ သူ့ဆီ လာပေးလိုက်ပါတဲ့...။

ဟားဟား၊ နေမြင့်လေ အရူးရင့်လေ ဆိုတာ ငါမဟုတ်ဘူး။ ငါက ရေတစ်ခွက် သောက်ရင် ၀ပါတယ်။ အုန်းပင်ပေါ်က ငါးဖယ် တစ်ကောင် လိုပါပဲ။ အဲလောက် ခိုးစားတတ်မှ လောကမှာ တော်ကာ ကျမှာကိုး...။ အဲဒီ ပီပါကို လာခိုးတဲ့ ကောင်လေးကို ငါ လွှတ်ပေးလိုက်ပါတယ်။ နတ်လူ သာဓု မခေါ်ဘူး၊ သူခိုးအားပေး ခေါ်တာပေါ့။ သူခိုးကြီးကို အားမပေးဘဲ သူခိုးလေးကိုသာ အားပေးတဲ့ အတွက် ငါ့ကိုယ်ငါသာ သာဓု နှစ်ခါတိတိ ခေါ်လိုက်ပါတယ်။ နောက်တစ်ခါကို သမိုင်းက ခေါ်ပါလိမ့်မယ်။

ပလက်ဖောင်း လမ်းရဲ့ မြောင်းခင်း ကျောက်ပြားတွေဟာ အပေါက် အပက်တွေ ချည်းပါပဲလား။ လမ်းအလယ် ဆင်းလျှောက်တာဟာ ခြေဗလာဆို အခုချိန် တော်တော် နွေးမယ်။ လောလောဆယ်တော့ ရာဘာ ဖိနပ်ကလေးနဲ့ပေါ့။ တွေးရင်း ငေးရင်းနဲ့ လူဟာ မွဲသွားလိုက် ခြောက်သွားလိုက်နဲ့၊ ဖိနပ်ဟာလည်း ကတ္တရာ မပြည့်တပြည့် လမ်းကို ကတုန်းကတိုက် လုပ်နေတယ်။ လမ်းချိုးရောက်တော့ ကွေ့ တက်လာတဲ့။ ကားသံကို အနားကပ်မှ ကြားမိတယ်။ ထရပ်ကားထင်ပါရဲ့။ ရှေ့မီးတွေက စူးပြီးတော့ လှလိုက်တာ...။ ဒီတစ်ခါမှ အိမ် အစစ်အမှန်ကို ပြန်ရောက်တော့မယ် ထင်မိတယ်။

Labels:

posted by Htoo Myat
2/29/2008

0 comments

တစ်ယောက်တည်း ပုံပြင်



ဘ၀မှာ အောင်မြင်မှုဟာ တကယ်ပဲ အရေးကြီးသလား... အောင်မြင်မှုရဲ့ အကြောင်းကို ကျနော် သေချာ ရှင်းပြနိုင်တယ်။ အခု အထက်တန်း ကြီးကျပ်ရေးမှုး ဆိုတဲ့ လခကောင်းပြီး ဘာမှန်းမသိတဲ့ နေရာဟာ ကျနော် တွန်းတွန်းတိုက်တိုက် ယူခဲ့ရတာလေ။ အဖေက ကျနော့်ကို မြေတောင် မြှောက်ခဲ့သလား၊ အမေက အားပေးခဲ့သလား ကျနော်မသိဘူး။ သေချာတာကတော့ ကျနော် ပျော်ရွှင်တဲ့ ကျောင်းသား ဘ၀ကို မရခဲ့ဘူး။ ကံ့ကော်ပင်တန်းမှာ သစ်ရွက်ကျွေတာတောင် ကျနော့် ခုံတန်းမှာ စာအုပ်နဲ့ တွဲထိုင်ဖို့ကလွဲလို့ အခြားအဖော် မရှိခဲ့လေဘူး။ ကိုယ့်ဟာကိုယ်ပဲ ပျော်ရွှင်အောင် မနေခဲ့လို့လား၊ ကျောင်း စာအုပ်တွေ ကပဲ ထူလို့လား၊ အဆင့် ၁ ဆိုတာ သိပ်မြင့် လွန်းလို့လား...။ သေချာတာကတော့ အဖေ့ရဲ့ သားရေ ခါးပတ်ကြီးကို ကျနော် သိပ်ကြောက်ခဲ့ပါတယ်။

ဘ၀မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ရတာဟာ ကျနော့်အတွက် သိပ်လွယ်လွန်းတယ်။ နေ၀င်သွားတဲ့ ညနေတွေဆို နံရံပေါ်က အဖေ့ပုံကြီးတောင် ပြုံးယောင် သန်းလာသလိုလို၊ အိပ်ခန်းထဲမှာ တီဗီဖွင့်ကြည့်ရတာ ကျနော် ပျင်းတယ်။ ဒါပေမဲ့ ကျနော် တီဗီ တစ်လုံး ၀ယ်ထားတယ်။ ငယ်ငယ်က စာမကျက်ရတဲ့ အချိန်ကလေး နဲနဲမှာတောင် ခိုးခိုးပြီး ကြည့်ခဲ့ရတဲ့ တီဗီလေးကို သတိရမိလို့ အခု အကြီးကြီး တစ်လုံး ၀ယ်ထားတယ်။ ရီဝေေ၀ဖြစ်နေတဲ့ ကျနော့်မျက်လုံးတွေရဲ့ အိပ်ရာဘေးမှာတော့ စာကြည့်စားပွဲနဲ့ ကျနော့် ကွန်ပျူတာလေး ရှိလေရဲ့။ ကွန်ပျူတာ ဘေးမှာတော့ သူ့ဓါတ်ပုံ ရှိပါတယ်။

စာကြိုးစားတဲ့သူမို့ ချစ်ခဲ့တာတဲ့။ ကျနော် ပြန်ကြားယောင်တယ်။ ခန်းဆီးကြားထဲကို လမ်းဘေး ဓါတ်တိုင်ရဲ့ အလင်းတန်းဝါလေးက ၀င်လာတယ်။ ထပိတ်ဖို့ မစဉ်းစားတော့ဘူး။ နွေရာသီမှာ အ၀ါရောင်သန်းတာ အပြစ်လို့ ကျနော် မယူဆမိဘူး။ စားပွဲပေါ်က အဖုံးပွင့်ပြီး လိမ့်နေတဲ့ အိပ်ဆေး ပုလင်းထဲမှာ ဆေးတစ်ပြားမှ မကျန်တော့ တာကတော့ အပြစ်ရှိတယ်။ သူ့နဲ့ လက်တွဲပြီး သွားတော့ လူတွေက မေးငေါ့ကြတယ်။ စာကြမ်းပိုးနဲ့ ဒေါ်အိုဇာပေါ့။ ဥစ္စာပေါပြီး ရုပ်ပိုင်းမှာ အားနည်းရှာတဲ့ ချစ်သူကို ဖြတ်ဖို့ဟာ တမင်တကာတောင် မလုပ်လိုက် ရပါဘူး။ သူဟာ ကျနော့်ဘ၀ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးပါပဲ။ အချစ်ဆိုတာကို မသိခဲ့ပေမဲ့ သူ့ကို သတိတော့ ရသား။ သူဖမ်းချင်ခဲ့တဲ့ လိမ္မာ၊ ပြောသမျှ နားထောင်ရင်း သူလိုချင်တဲ့ ဂုဏ်တွေရှိမဲ့၊ သူ့အဖေရဲ့ လုပ်ငန်းကို ဆက်ခံနိုင်မဲ့ လင်ကောင်းတစ်ယောက် ကျနော် မဖြစ်နိုင်တော့ဘူး။ အဲဒီအတွက် စိတ်မကောင်းပါဘူး။

ရည်းစားနဲ့ ချိန်းတွေ့ရင်း ကိန်းဂဏန်းတွေချည်း ရွတ်ရွတ်ပြတတ်တဲ့သူကို ဘယ်သူက ရင်ခုန်မှာလဲ။ ကျနော် အခု ခများနဲ့ စကားပြောနေတာတောင် တော်တော် ထိမ်းချုပ်ထားရတယ်။ ဂဏန်းတွေချည်း ရွတ်ပြမိလို့ ခများရဲ့ ညဟာ ကျနော့်ထက်တောင် ပိုမှောင်သွားရင် နှစ်ယောက်သား ငုတ်တုတ်ထိုင်ရင်း မိုးလင်းဖို့ပဲ ရှိတော့တာပေါ့။ ကျနော် ငွေရည်ကို ကြိုက်တယ်။ အတွင်းရေးမှုးမလေးပေါ့။ ငယ်တယ်။ လှတယ်။ ဒါပေမဲ့ ကျနော့် တစ်သက်မှာ မိန်းမဆိုလို့ ဆရာမတွေနဲ့၊ ကျနော့် အမေရယ်နဲ့ ချစ်သူရယ်နဲ့သာ ကောင်းကောင်း စကားပြောခဲ့ဖူးတာ... ကျောင်းနဲ့လည်း ဝေး၊ အမေလည်း ဆုံး၊ သူနဲ့လည်း လမ်းခွဲတော့ နောက်ပိုင်း ကျနော့်ဘ၀မှာ စကားပြောစရာ မိန်းကလေး ဆိုလို့ ကုမ္ပဏီ ၀န်ထမ်း အမျိုးသမီးတွေပဲ ရှိတော့တယ်။

တော်ပြီလေ။ သူ့ကို ချစ်တဲ့ အကြောင်းကို ကျနော် မပြောရဲပါဘူး။ အဲဒါကြောင့် ကျနော် အင်တာနက် စာမျက်နှာတွေ လျှောက်လျှောက် ကြည့်တယ်။ ၁၈နှစ် အထက် ဆိုတော့ ကျနော်လို အသက် ၃၅နှစ်ဟာ ကောင်းကောင်း ကြည့်ခွင့် ရှိပါတယ်။ ကိလေသာဆိုတာ ကျနော် နားမလည်ဘူး။ ဒါပေမဲ့ အဖော်မဲ့နေတဲ့၊ အထီးကျန်တဲ့ ကျနော့်ဘ၀ကို ဘယ်သူမှ အပြစ်တင်ကြမယ် မထင်ဘူး။ ကျော်ကျော်တို့၊ အောင်လင်းတို့ အဲဒါတွေ ခိုးကြည့်တုန်းက ၀န်နင်ပေးခဲ့တဲ့ သူတို့ရဲ့ ကြီးကျပ်ရေးမှုး၊ သူ့အိမ်မှာ အဲဒါတွေ ကြည့်နေရတာကို သိရင် ဘယ်လိုများနေမလဲ... ကျနော် ဂရုမစိုက်ဘူး။

အိပ်မှ အိပ်လို့ မပျော်ဘဲလေ။ Musterbation ဟာ အန္တရာယ်ရှိသလား... ကျနော့်ရဲ့ အထီးကျန် ဘ၀မှာ ဆာလောင်နေတဲ့ စိတ်ကို ဒါနဲ့ ဖြေရှင်းတယ်။ အထီးကျန်မှုဟာ တစ်ကိုယ်တော် လိင်စိတ် ဖြေဖြောက်မှုထက် ပို အန္တရာယ် ကြီးတယ်လို့ ကျနော် မြင်တယ်။ သူမကိုလည်း သတိမရပါဘူ့း။ ကျနော် ပျော်တယ်။ ဒါဟာ ကျနော် ပျော်ပိုက်တဲ့ ကျနော့်ဘ၀ပဲ။ လူရှေ့ သူရှေ့မှာ လူကြီးလူကောင်းယောင် ဆောင်မယ်။ နောက်ကွယ်မှာ ကျနော် ပျော်သလိုနေမယ်။ ဒါ ကျနော့်ဘ၀ပဲ။ ပန်းတွေမပွင့်သေးခင်မှာပဲ ကျနော် အိပ်မောကျသွားတယ်။

မိုးလင်းတော့လည်း နိုးတာပေါ့။ ခေတ်ရဲ့ တိုးတက်မှုတွေ ကြားမှာ သဘာဝ လင်းငှက်သံ မကြားနိုင်တော့ဘူး။ ဒီနေ့ဟာလည်း မနေ့ကလိုပဲ လာမှာပါပဲ။ ပိုက်ဆံဟာ ပိုချစ်စရာ ကောင်းတယ်။ ညက တွေးခဲ့တဲ့ အချစ် အကြောင်း ဆိုတာဟာ ကျနော့်ဘ၀ရဲ့ ပျော့ညံ့မှု တစ်ခုသာ ဖြစ်ခဲ့တယ်။

Labels:

posted by Htoo Myat
2/29/2008

0 comments

လမ်းဘေး ပုံပြင်



ကျနော့်နေ့တွေ အဓိပ္ပါယ် မရှိတော့တာ ကြာပြီ ဆိုတော့ သူက ထရယ်တယ်။ အဲဒါနဲ့ ကျနော်ကလည်း မိုက်လို့ ရယ်တာလားလို့ ပြန်ပြောတော့ ထသတ်ကြတယ်။ လမ်းမမှာ လူရှင်းနေတော့ ကျနော်ရော သူရော အတွက် အပေါ့သွားဖို့ အဆင်ပြေတယ်။ အဲဒါကြောင့် ကျနော် တီရှပ် အဖြူရောင်လေး ၀တ်လာခဲ့တယ်။ အဖြူရောင်လို့ ပြောပြီး အညိုရောင် ဖြစ်နေရင်တော့ လူနဲ့တွဲပြီး ရုန်းကန်ခဲ့ရရှာတဲ့ တီရှပ်လေးကို အပြစ်မတင် ကြစေချင်ဘူး။

သီချင်းဖွင့်တော့ စာသားက ဒုက္ခနဲ့ အသားကျနေပြီလား... တဲ့။ အဲဒါနဲ့ ကျနော်လည်း စားပွဲထိုးလေးကို ထမင်းကို ကြက်ဥကျော်နဲ့ စားမယ်လို့ ပြန်ပြောလိုက်တယ်။ တစ်ဖက်တည်း ရှိလို့ တစ်ဖက်တည်း စွပ်ထားတဲ့ ညာခြေထောက်က ခြေအိတ်က တော်တော်ကို ကျပ်နေတယ်။ ပလက်ဖောင်းပေါ် ထိုင်ပြီး ဆွဲချွတ်တော့ ဓါတ်တိုင်ကို သေးပန်းနေတဲ့ ခွေးလေးက အလန့်တကြား မော့ကြည့်တယ်။ ကျနော်လည်း သူ စိတ်ချမ်းသာလို ချမ်းသာ ရငြား ငါလဲ မင်းလိုပါပဲကွာ လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ သူလည်း ကျေနပ်ပြီး သူ့ဟာသူ ဆက်ပန်းနေတော့တယ်။ ခွေးနဲ့ တူတူ သေးပန်းဖို့ကို ကျနော် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးတယ်။ တခါတလေကျတော့ ကျနော်က သူ့ထက်တောင် ပို နိမ့်ကျနေသေးတယ်။

တခါတလေတော့ လမ်းပေါ် လျှောက်သွားနေရတာ စိတ်ချမ်းသာတယ်။ အဲဒီတော့ ချစ်သူ့ အသိုင်းအ၀ိုင်းတွေက အပေအတေလို့ ပြောကြပြန်ရော။ အဲဒါကြောင့် အုန်းပွဲ ငှက်ပြောပွဲနဲ့ သွားကန်တော့ လိုက်တယ်။ အဲဒီတော့မှ ကျနော့်ခေါင်းကို ပုတ်ပြီး သာဓု တစ်ခါ ခေါ်တယ်။ အဲဒါကြောင့် ကိုယ့်ဟာကိုယ် မှန်ကြည့်ပြီး အားရပါးရ အော်ရယ် လိုက်ပါတယ်။ နောက် ကုတ်ခ်အတု တစ်ပုလင်း ၀ယ်သောက်ရင်း အနောက်တိုင်း ယဉ်ကျေးမှုမှာ အရှိန်ပြင်းပြင်းနဲ့ စီးမြောလိုက်တယ်။ မပြည့်စုံတဲ့ ဘ၀မို့ ကန့်လန့်ပဲ မြောပါနေရတယ်။

နိုးလာတော့ မိုးလင်းနေပြီ။ အပေါ်ကို မော့ကြည့်တော့ မိုးကောင်းကင်ဟာ တိုက်နောက်ဖေးက လှေကား ဖြစ်နေတယ်။ တခါတလေတော့ မြောင်းထဲမှာ အိပ်ရတာ ပိုကောင်းတယ်။ လမ်းဘေးမှာ ရေဘုံဘိုင်တစ်ခု ရှိရင် ကျနော့်ဘ၀ ပြည့်စုံပြီလို့ ကျနော် အမြဲ မျှော်လင့်မိခဲ့တယ်။ မျက်နှာ သစ်ဖို့ ရေသန့်ဘူး ၀ယ်ရတာ ပိုက်ဆံ ကုန်တယ်။ အဲဒါကြောင့် ဂေါက် ဂေါက် ဂေါက် ဂေါက် နဲ့ ခေါက်နေတဲ့ ရေခဲရေပဲ တစ်ခွက်လောက် ၀ယ်လိုက်တယ်။ ၁၀၀တန် တစ်ရွက် ထွက်သွားလေရဲ့။ ၅ ကျပ်နဲ့ ၀ယ်သောက်ခဲ့ရတဲ့ ခေတ်ကို သတိရတယ်။

တစ်ဝက်ကို အာလုပ်ကျင်းပြီး တစ်ဝက်ကိုတော့ သောက်ချလိုက်တယ်။ အညစ်အကျေးတွေလည်း ရေနဲ့အတူ စီးဝင်သွားတယ်။ အညစ်အကျေးတွေဟာ ဗိုက်ထဲကို စီးဝင်သွားတယ်။ ကျနော်ဟာ လူ့ဘ၀ထဲကို စီးဝင်သွားတယ်။ ကျနော့် ပိုက်ဆံက ရေခဲရေသည်လေးရဲ့ အိတ်ထဲကို စီးဝင်သွားတယ်။ စီးဝင်စရာ မရှိတဲ့ လူတွေကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်စီးဝင်နေကြတယ်။

Labels:

posted by Htoo Myat
2/29/2008

0 comments

မိဇင်

February 28, 2008




တခါတလေတော့ လူတစ်ယောက်ဟာ သူ့ရဲ့ ဘ၀မှာ ဘာဟာ အလိုအပ်ဆုံးလဲလို့ တွေးမိတယ်။ နှစ်လ တစ်အုပ် ပုံမှန်ထွက်တဲ့ စာရေးဆရာမလေးရဲ့ စိတ်ပျက်စရာ အချစ်ဝတ္ထုတွေ ဖတ်တော့ ငါ့ဘ၀မှာ အလိုအပ်ဆုံးဟာ ကားအကောင်းစား တစ်စီး၊ ခြံကျယ်ကျယ်ထဲက တိုက်အိမ်တစ်လုံးနဲ့၊ ချောမောခန့်ငြားတဲ့ ရုပ်ရည်ပဲထင်တယ်လို့ တွေးမိတယ်။ တကယ်တော့ အချစ်ဝတ္ထုဟာ အချစ်အကြောင်း ရေးထားတာပါလား ဆိုတာကို ငါ မမြင်ဘူး။ အခြား မဆိုင်တာတွေပဲ မြင်တယ်။ အချစ်ဆိုတဲ့ အရာကို ငါမေ့နိုင်အောင် ကျိုးစားထားလို့ပါ။ ဘာလို့လဲဆိုတော့ ငါဟာ ရှေးတုန်းက အချစ်ဇာတ်လမ်းတွေ စားမြုံ့ပြန်ရင်းနဲ့ပဲ လက်ရှိ ဘ၀မှာ အသက်ဆက်ရှင်သူမျိုး မဟုတ်လို့ပဲ။ ဒါပေမဲ့ ငါလွမ်းတယ် မိဇင်။

မင်းဘ၀ကတော့ အခုချိန်မှာ သိပ်ပျော်ဖို့ ကောင်းနေမှာပေါ့၊ ငါ့အထင်တော့ အခုချိန်ဆို မင်း အမျိုးသား၊ ရုံးက ပြန်လာမှာမို့ အိမ်ပြူတင်းဝကနေ စောင့်နေမှာပဲပေါ့။ ဒရိုက်ဗာက မောင်းပေးတဲ့ သူ့ကိုယ်ပိုင် ကားလေးထဲမှာက အဲကွန်းနဲ့မို့ မင်းအမျိုးသားကတော့ မြို့ထဲကနေ ဒီ မြို့စွန်အထိ လိုင်းကားတိုးစီးရတဲ့ ငါ့လို ချွေးစော်တွေ နံနေမှာ မဟုတ်ဘူးလို့ ငါပြောရဲတယ်။ သူ့လုပ်ငန်းကနေ သူရတဲ့ အမြတ်ငွေ ထောင်တန်အုပ်တွေဟာ ငါ့ရဲ့ လခလို ရာတန် အနွမ်းလေးတွေ ပါနေမှာ မဟုတ်ဘူး ဆိုတာလည်း ငါပြောရဲတယ်။ အဲဒီကနေ ကပ်ပါလာတဲ့ ပျော်ရွှင်မှုတွေကိုလည်း မင်း အပြည့်အ၀ ခံစားရလိမ့်မယ်လို့ ငါ ဆုတောင်းပါတယ် မိဇင်။

စိတ်ကစားတာလား၊ အချစ်စစ်လား၊ ငါသေချာ မသိခဲ့သေးတဲ့အချိန်မှာ မင်းကို၊ ငါ့ရဲ့ အချစ်ကို ငါတွေ့ခဲ့တယ်။ ငါ့တစ်သက်မှာ သူများ မြှောက်ပေးမှ လုပ်တတ်ခဲ့တာ မှန်ပေမဲ့ မင်းကို စာပေးခဲ့တာ၊ အဲဒီတစ်ခုကတော့ ဘယ်သူမှ မြှောက်ပေးလို့ မဟုတ်ခဲ့ပါဘူး မိဇင်။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုတာဟာ ငါ့အတွက်တော့ ကိုးကွယ်ရာ တရားတော် တစ်ခု ဖြစ်ခဲ့တယ်။ အဲဒါကြောင့် နင့်အသိုင်းအ၀ိုင်းကို ငါမကြောက်ခဲ့ဘူး။ ငါ့အဖေရဲ့ စာရေးကြီး လုပ်သက် တစ်လျှောက်လုံး ဘယ်တုန်းကမှ မရိုးမသား မလုပ်ခဲ့ဖူးဘူး။ အဲဒါကြောင့် ငါတို့ ဆင်းရဲပါတယ်။ အဲဒီ ဂုဏ်သိက္ခာ၊ ရိုးသားမှုနဲ့ ငါ့ရဲ့ နင့်အပေါ်ထားတဲ့ မေတ္တာဟာ မင်းနဲ့ ငါရဲ့ ဘ၀ကို ပေါင်းစပ်နိုင်လိမ့်မယ်လို့ ငါ ထင်ခဲ့တယ်။

နင့်အိမ်ရှိတဲ့ လမ်းထဲ ငါ မ၀င်ရဲခဲ့ဘူး။ ငါ ဘုရားစောင်းတန်း အကြီးကြီးတွေတောင် အလိုလို လန့်နေတတ်တော့ မင်းတို့ တိုက်အိမ် အကြီးကြီးတွေကိုလည်း ငါ ကြောက်တယ်။ မင်းနဲ့ ငါ ခိုးချိန်းတွေ့ခဲ့ရတဲ့ အအေးဆိုင်တွေကို သတိရတယ်။ ကန်တော်ကြီးကိုလည်း သတိရတယ်။ အင်းလျားကန်ဘောင်ကို သတိရတယ်။ ကန်တော်ကြီးကတော့ အသစ်လို ဖြစ်သွားတော့ ငါတို့ ခြေရာတွေကို ပြန်ကောက်ဖို့ ခက်သွားပြီလေ။ ယောင်္ကျားမာနဆိုတာ ငါ နားလည်ခဲ့ပေမဲ့ တို့သွားတဲ့ ဈေးကြီးတဲ့ အအေးဆိုင်တွေမှာ မင်းပိုက်ဆံ ထုတ်ရှင်းတာကို ငါ မျှော်လင့်ခဲ့ရဖူးတယ် မိဇင်။
မင်းအဖေမိတဲ့ နေ့က စပြီး မင်းနဲ့ငါ တစ်လမှ နှစ်ခါ၊ သုံးခါလောက်ပဲ တွေ့ရတော့တယ်။ ချစ်သူ သက်တမ်း သုံးနှစ်မှာ ငါတို့ အတူတူ ရှိနေရတဲ့ အချိန်လေးတွေဟာ တစ်နှစ်စာတောင် ပြည့်ပါရဲ့လားလို့ ငါ ကျေကျကွဲကွဲ ရယ်မောမိတယ်။ မင်းအဖေ ငါ့ကို သုံးခါ လာတွေ့တယ်။ ဒါကို မင်း ဘယ်တော့မှ သိခဲ့မှာမဟုတ်ဘူး။ ငါလည်း ငါ့တစ်သက် ဘယ်တော့မှ နင့်ကို ပြောပြတော့မှာ မဟုတ်ပါဘူး။ အဲဒီ စုစုပေါင်း သုံးခါမှာ နှစ်ခါက ငါ့ကို ပိုက်ဆံလာပေးတယ်၊ ပြီးတော့ ရန်ကုန်ကနေ နှင်ထုတ်တယ်။ တစ်ခါကျတော့ ငါ့ကို အဖေ့နေရာလေးနဲ့ ခြိမ်းချောက်တယ်။ ငါက လက်မခံတော့ နောက်ကျ ငါ့အဖေခမျာ အလွဲသုံးစား လုပ်ပါတယ်လို့ အကြပ်ကိုင်ခံရပြီး ပင်စင်ပေးလိုက်ကြတယ်။ အဲဒီနေ့က ရှက်လွန်းလို့ဆိုပြီး ငါ့အဖေငိုတယ်။ ငါဟာ အချစ်အတွက် အဖေကိုတောင် ဒုက္ခပေးခဲ့တဲ့ သားဆိုး သားမိုက်ပါ။

စာရေးကြီးသားက ရုံးဝန်ထမ်းပဲ ပြန်ဖြစ်တာကတော့ အထူးအဆန်းတော့ မဟုတ်ပါဘူးလေ။ နင့်အဖေ မှန်းခဲ့တဲ့ အတိုင်းပဲ မဟုတ်လား။ ငါ့မှာ အခုထိ ဘာမှ မရှိသေးပါဘူး။ ငါ့အဖေတုန်းက ရှိခဲ့တဲ့ ရိုးသားမှုလေးတောင် မရှိတော့ပါဘူး။ ငါ မိုးခါးရေ သောက်ခဲ့ရပြီလေ။ ငါတို့ လူတွေရဲ့ ရုန်းကန်လှုပ်ရှားရတဲ့ ဘ၀ကြီးမှာ တခါတလေတော့ မိုးခါးရေဟာလည်း ချိုရတာပဲကွ။ မင်းအမျိုးသား လုပ်နေတာတွေလည်း ငါသိပါတယ်။ သူကတော့ မိုးခါးရေကို တိုင်ကီလိုက် သောက်တာဆိုတာ ငါ့ထက် ပိုသာတာပေါ့။ သူဟာ ငါ့ထက် အဖက်ဖက်က သာခဲ့မယ်ဆိုတာ ငါသိခဲ့ပါတယ်။

နင်တာဝန်ကျေခဲ့တယ် မိဇင်။ တကယ်တော့ တာဝန် မကျေခဲ့တာက ငါပါ။ နင့်ကို အတင်း လက်ထပ် ပေးကြတော့မယ် ဆိုတာကို မင်း ငါ့ကို ရအောင် သတင်းပေးခဲ့သားပဲ။ မင်း သူငယ်ချင်းတွေကိုလည်း ငါ အခုထိ ကျေးဇူးတင်ပါတယ်။ တကယ်ဆို နင့်ကို သူနဲ့ စေ့စပ်ကတည်းက ငါလည်း ငါ့ဖက်က အစီအစဉ် တစ်ခုခု ပြင်ထားသင့်တာ။ အကြောင်းပြချက်၊ ဒါမှမဟုတ် ဖျောင့်ချက်ဟာ သိပ်မခက်ခဲပါဘူး။ မင်းသာ ငါ့လို အခြေခံလူတန်းစား မိသားစုက လာခဲ့တာဆို ငါရှင်းပြရ သိပ်အဆင်ပြေတယ်။ ငါ့ အဖေ ပင်စင်ယူတာနဲ့ရော ကုန်ဈေးနှုန်းတွေ တက်တာကြောင့်ရောပဲလို့ ပြောမှာပေါ့။ ငါရှင်းပြလည်း နင်က နားလည်နိုင်မှာ မဟုတ်ဘူးလေ။ ကုန်ဈေးနှုန်း ဆိုတာဟာ မင်းနဲ့ အလှမ်းကွာတဲ့ ဘာသာရပ် တစ်ခုပဲဟာ…။

ငါ့တစ်သက်မှာ မင်းဆီက နောက်ဆုံး ရခဲ့တဲ့ စာပေါ့။ ငါ့ကို လာခိုးပါ ဆိုတာ တစ်ကြောင်းတည်း မင်း ရေးထားခဲ့တယ်။ ငါ့ဘ၀ တစ်သက်တာမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဟာ ဘယ်နှစ်ခုမှ မရှိခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ကတော့ အခက်ခဲဆုံး ဖြစ်သလောက် တကယ် အနာကျင်ရဆုံးပါ မိဇင်။ မင်းအတွက် ငါ ဆောက်ခဲ့တဲ့ တဲအိုပျက်လေးဟာ တကယ်တမ်းတော့ တစ်မိုးတောင် ဖြတ်သန်းဖို့ မခံနိုင်ဘူး ဆိုတာကို ငါ အိပ်မက်က လန့်နိုးသလို သိခဲ့ရတယ်။ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုထဲကို နုနယ်လှပတဲ့ မင်းကို ငါ ဆွဲမခေါ်ရက်ခဲ့ပါဘူး။ ငါ့အချစ်ကို မင်းဘ၀ကို အေးချမ်းသာယာစေမှုနဲ့ သက်သေပြလိုက်တယ်။

မင်းရဲ့စာလေး အခုထိ ငါ့ ပိုက်ဆံအိတ်ထဲမှာ ရှိသေးတယ်။ တော်တော်လေးကို ဟောင်းနေပြီမို့ ငါ ဆယ်လူတိပ်နဲ့ ပြန်ပြန် ကပ်ထားရတယ်။ မင်းရေးထားခဲ့တဲ့ စာတန်းလေးကတော့ ထင်းနေတုံးပဲ။ ငါ အလုပ်တွေ လုပ်တာ အကြွေးတွေ ပိတာ သိပ်များနေရင် တစ်ချိန်က ငါ မလုပ်ဖြစ်ခဲ့တဲ့ အလုပ် တစ်ခု ကြောင့် ဆုံးရှုံးခဲ့ရတာကို ပြန်ပြန် သတိရပြီး အလုပ်လုပ်ချင်စိတ် ပြန်ပေါ်လာအောင် ငါ ထုတ်ထုတ်ကြည့်တယ်။ မင်းကို သတိရတဲ့အချိန်လည်း ထုတ်ထုတ်ကြည့်ပါတယ်။ ဓါတ်ပုံတွေ အားလုံးကိုတော့ မင်းအတွက် ငါ မီးရှို့ပစ်လိုက်ပါတယ် မိဇင်။

အခုတော့ ငါ့အဖေလည်း ဆုံးသွားပြီ။ အမေလဲ တရားစခန်းမှာ။ ငါတစ်ယောက်တည်းပေါ့ကွာ…။ နင်ချစ်ခဲ့တဲ့ ငါ့ရဲ့ မျက်လုံးတွေမှာလည်း မျက်တွင်းတွေလည်း ကျလို့၊ ငါလည်း တော်တော်လေး ပိန်နေပြီ။ မင်းသိပ်ချစ်တဲ့ ငါ့ ဆံပင်ရှည်တွေလည်း အလုပ်အင်တာဗျူးတုန်းက ညှပ်လိုက်ပြီ။ ငါ့ ဆံပင်တွေဟာလည်း ငါ့အချစ်တွေနဲ့အတူ ဆံပင်ညှပ် ထိုင်ခုံပေါ်ကနေ ပြုတ်ကျသွားကြတယ်။

ဒီလိုင်းကားဟာ အခုထိ မထွက်နိုင်သေးပါလား။ တစ်ကားလုံး ငါးပိသိပ် ငါးချဉ်သိပ် တင်ပြီးမှ ထွက်တော့မယ် ထင်တယ်။ မိုးကုပ်စက်ဝိုင်းထဲ တိုးဝင်နေတဲ့ နေရဲ့ နောက်ဆုံးလက်ကျန် အရောင်တန်းလေးဟာ ငါ့ဘ၀ရဲ့ အခြေအနေကို ပြတယ်။ ငါလည်း အိမ်ထောင်ပြုဦးမှပါလေ။ ဒါပေမဲ့ မင်းအိမ်နားကို တစ်ခါတလေ ငါ မယောင်မလည်နဲ့ လာလာကြည့်မိရင်တော့ ငါ့ကို စိတ်မဆိုးပါနဲ့ မိဇင်ရေ...။

Labels:

posted by Htoo Myat
2/28/2008

1 comments

ထွန်းထွန်း



ဒူးကလည်း နာနေတယ်။ ဘောင်းဘီကလည်း နဲနဲ ရှည်နေတော့ အနာနဲ့ လာလာ ပွန်းနေတယ်။ ဒီနေ့ လမ်းလျှောက်ပြန်ရတာက အရင်နေ့ကထက် ပိုဝေးသလိုပဲ။ ချော်လဲစကတော့ ဘာမှ မဖြစ်ဘူးလေ။ ချွေးတွေ ပြန်နေလို့ ဖြစ်မယ်ထင်တယ်။ ဟိန်းကျော်က သဲနဲ့ပွတ်ဖို့ ပြောတယ်။ အောင်လင်းကကျတော့ တံတွေးနဲ့ ဆွတ်လိုက်တဲ့…။ အောင်လင်း အဖေက ဒေါက်တာကြီး ဆိုတော့ သူပြောသလို တံတွေးပဲ ဆွတ်လိုက်တယ်။ အမေက ပြောတာတော့ သံနဲ့ စူးရင် မေးခိုင်ပိုး ၀င်မယ်တဲ့…။ အခု မြေကြီးနဲ့ ထိတာဆိုတော့ အဲဒီပိုးကြီး မ၀င်လောက်ပါဘူးလေ။ တိုးလှိုင် ပြောတာကတော့ မေးခိုင်ပိုးကို သူမြင်ဖူးတယ်၊ ပိုးဟပ်လောက် ရှိတယ်ဆိုပဲ။ အဲလိုဆိုတော့ ၀င်လည်း အသိသာကြီးပါလေ။ မ၀င်ခင် ဖမ်းလိုက်မှာပေါ့။ ဟင်… ဒီဦးလေးကြီး လမ်းဘေး ကံ့ကော်ပင်ပေါ် ဘာတက်လုပ်နေတာလဲ။ ပန်းတက်ခူးတာ ထင်တယ်။

တော်သေးတာပေါ့ ဟွန်းတီးလိုက်ပေလို့၊ နောက်က ဦးကာလုတို့ ကျောင်းကားကြီး၊ ဒီမှာက စဉ်းစားနေတာနဲ့ ကံကောင်းလို့ မတိုက်မိတယ်။ အား… ခြေထောက်ကလည်း နာလာပြန်ပြီ။ ဒီလို ဒူးပွန်းသွားလည်း ဘောလုံး ဆက်ကန်ချင် နေတုန်းပဲ။ ခြေထောက် နှစ်ဖက်စလုံးမှာလည်း ဒါဏ်ရာချည်းပဲ။ ဟိုတစ်ခါ ခြေသည်း ပြုတ်ထွက်သွားတဲ့ ကျနော့် ညာဖက် ခြေသန်းဆို ခြေသည်းခွံ အသစ်တောင် ပြန်ထွက်လာပြီ။

ကျောင်းမှာက ကာယ အချိန်ဆို ဆရာက ဘောလီဘော ဘောလုံးလည်း ထုတ်ပေးတယ်။ ဘောလုံးလည်း ထုတ်ပေးတယ်။ ခြင်းထဲပစ်တဲ့ ဘောလီဘောလဲ ပါတယ်။ ဒါပေမဲ့ အားကစားရုံထဲမှာ ဘယ်တော့မှ မအားတော့ ကျနော်တို့လဲ မဆော့ဖြစ်ပါဘူး။ အဲဒီ ဘောလုံး နီနီကြီးကို ကျနော်တို့ကတော့ ခြင်းဘောလုံး လို့ပဲ ခေါ်ကြတယ်။ ကျနော်ကတော့ ဘောလုံးကန်ရတာ အကြိုက်ဆုံးပဲ။ ကျနော် ငယ်ငယ်ကတည်းက အရုပ်ဆိုင် ၀င်ရင် သေနတ်ရုပ်တွေ၊ ကားရုပ်တွေ၊ စစ်သားရုပ်တွေ တွေ့ပေမဲ့ ကျနော် အမြဲတမ်း ဘောလုံးပဲ ပူဆာတာပဲ။ အမေက ၀ယ်မပေးတော့ ဆိုင်ရှေ့မှာပဲ ထိုင်ငိုပစ်လိုက်တာ၊ ဒါလည်း မရပါဘူး၊ ကျနော့် ဖင်ကို သုံးချက်လောက် ရိုက်ပြီး အတင်း ဆွဲခေါ်သွားတာပဲ။


ကစားကွင်းထဲမှာ ဘောလုံး ထုတ်ပေးလိုက်ရင် ရှစ်တန်းက အကိုကြီးတွေက အတင်း လုသွားကြတယ်။ ကျနော်တို့ အစကကျတော့ ဘောလီဘော ဘောလုံးနဲ့ ကန်ကြတယ်။ ခြင်းဘောကျတော့ သိပ်လေးတော့ မကန်နိုင်ဘူးလေ။ နောက်လည်းကျရော ဘောလီဘော ဘောလုံးလေးပါ လုသွားကြတော့ ကျနော်တို့က ဆရာ့ကို သွားတိုင်တယ်။ သွားတိုင်မှ ပြန်ရတယ်။ နောက်ပိုင်းလည်း ခဏ ခဏ လာလုနေတော့ အခုလို ကျောင်းဆင်းမှ ဘောလုံးကန်ပြီး အိမ်ကို နောက်ကျမှပြန်ရတယ်။ အောင်လင်းရဲ့ ဘောလုံးနဲ့ပေါ့။ ဘောလုံးက အဖြူနဲ့ အနီ အကွက်တွေ၊ အနီရောင် အကွက်တွေက ကြယ်လေးတွေလိုပဲ။ နောက်ပြီး အကွက်လေး တစ်ကွက်မှာ အင်္ဂလိပ် စာတန်းလေးနဲ့ အောက်မှာ အိုဝင်တို့ ပါတဲ့ အသင်းရဲ့ အလံလေး ကပ်ထားတယ်။

ဟားဟား… ဘေးက ဖြတ်သွားတာ ကျော်ထက်အောင်ရဲ့ ကားဗျ၊ ကျနော့်ကိုတောင် တာ့တာ ပြသွားသေး။ ကျနော်က သူတို့ကိုတော့ ခင်တယ်။ နှင်းပွင့်ဖြူတို့ အေးမြတ်သူ တို့ကိုတော့ မုန်းတယ်။ သူတို့ကားနဲ့ ဖြတ်သွားရင် အမြဲတမ်း ပြောင်ပြောင် ပြသွားတယ်။ နောက်ပြီး ရန်ဖြစ်ရင် နင်က ငါတို့လို ကားစီးနိုင်လို့လား အမြဲတမ်းပြောတယ်။ ကျနော့် အဖေမှာလည်း ကားတစ်စီး ရှိတာပဲဟာ။ တကယ်ကတော့ အန်ကယ်လှ ကားပါ။

အန်ကယ်လှက အဖေ့ရဲ့ ဘောစိလေ။ ဘောစိ ဆိုတာ သူဌေးကို ပြောတာ။ တခါတလေ အဖေနဲ့ ရုံးလိုက်သွားရင် ကျနော်က အန်ကယ် ဘောစိလို့ ခေါ်လိုက်ရင် ရယ်ပြီးတော့ မုန့်ဖိုးပေးရော။ အမေလည်း အရင်က အဲဒီရုံးမှာပဲ လုပ်တာပဲ။ အခုမှ တခြားရုံး ရောက်သွားတာ။ အမေက အဖေ နောက်ကျမှ ပြန်လာတဲ့ ညတွေဆို အိပ်ရင်းနဲ့ စောင့်နေရင်း သူတို့ စတွေ့တုံးက အကြောင်း ပြောပြတယ်။ အမေက အရင်က အန်ကယ်ဘောစိ… အဲလေ… အန်ကယ်လှရဲ့ စာရေးမပေါ့။ အမေ ရုံးပြန်ရင် အဖေက ကားနဲ့ လိုက်ပို့ပေးရတာ၊ အဲဒီမှာ စတွေ့တာတဲ့။ တခါတလေတော့ ကျနော်လည်း အဖေ့လို ကားမောင်းချင်တယ်။ ဒါပေမဲ့ ကျနော် ဘောလုံး ပူဆာရင်တော့ အဖေက မင်းအမေကိုပြောကွာ လို့ပဲပြောတာပဲ။ အမေကလည်း ပိုက်ဆံက ဘယ်တော့မှ မပိုဘူး၊ ဘောလုံးလိုချင်ရင် နင် မုန့်ဖိုးမယူနဲ့ပေါ့ဟဲ့ တဲ့…။ ဟာ… ဒီဖားလေးက လမ်းပေါ်မှာ သေနေတာလား… ကားကြိတ်တာထင်တယ်၊ ပြားချပ်နေပြီ။ ရှေ့မှာ လမ်းကူးရဦးမယ်။


အစကတော့ အမေနဲ့ လက်ဆွဲပြီး လမ်းဖြတ်ရတယ်။ ကျနော် သုံးတန်းရောက်တော့ တစ်ယောက်တည်းပဲ အိမ်ပြန်တာပဲ။ အခု ငါးတန်းဆိုတော့ ပိုတောင် လူကြီးဖြစ်ပြီလေ။ ကြည့်ပါလား ကျနော် ကားတွေ အများကြီးကြားက ဖြတ်ကူးလာတာ ကြောက်မှ မကြောက်တော့တာ။ အဖေကတော့ ကျနော့ကို လမ်းကူးရင် သေချာကြည့်ပြီး ကူးဖို့ အမြဲပြောတယ်။ နောက် လမ်းလျှောက်ရင် ကားလာတဲ့ဖက်ကို မျက်နှာလှည့်ရတဲ့ ပလက်ဖောင်းက လျှောက်တဲ့။ အဖေက အမေ့ထက်တောင် ပို ကြောက်တတ်သေးတယ် ထင်တယ်။

အရင်ကဆို ညဖက်တိုင်း အဖေနဲ့ မြို့ထဲဖက်ကို လမ်းလျှောက်နေကြလေ။ စတိုးဆိုင်တွေ လျှောက်ကြည့်တယ်။ အဖေကတော့ ဘာမှ မ၀ယ်ပါဘူး။ ဒီအတိုင်း အပျော်လျှောက်ကြတာ။ တခါတလေ ကုလားကြီးကြော်တဲ့ ဘယာကျော် သေးသေးလေးတွေကို ကန်တော့သေးသေးတစ်ခု ၀ယ်ကျွေးတယ်။ နောက်ကျတော့ ဘောလုံးဆိုင်ရှေ့ ရောက်ရင် ကျနော် အမြဲတမ်း အဖေ့ကို ပူဆာတယ်။ ကျနော် ပူဆာတဲ့ ဘောလုံးကျတော့ အဖြူနဲ့ အမဲ အကွက်လေးပါပဲ။ အဖေကတော့ ဈေးကြီးတယ်လို့ ပြောတယ်။ နောက်ကျမှ ၀ယ်ပေးမယ်တဲ့။


ကျနော် နှစ်တန်းတုံးက အဖေ တစ်ယောက်တည်း မြို့ထဲ သွားတဲ့ နေ့မှာ တယ်လီဖုန်း ရှိတဲ့ လမ်းထိပ် စတိုးဆိုင်က ကိုထိုက်က အိမ်ကိုလာပြီး အဖေ ကားတိုက်လို့ လို့ လာပြောတယ်။ နောက်ကျ အမေက ကျနော့်ကို ဘေးအိမ်က အန်တီမြနဲ့ ထားခဲ့ပြီး အထုပ်တွေ ထုတ်ပြီး အပြင် တန်းထွက်သွားတာပဲ။ နောက် လေးရက်လောက် ကြာလို့ အဖေ ပြန်လာတော့ မျက်နှာမှာလည်း ပတ်တီးတွေနဲ့၊ လက်မှာလည်း မာမာကြီး တစ်ခု ပတ်ထားတယ်။ နောက်ပိုင်း အဖေ မြို့ထဲဖက် လမ်းလျှောက်ရင် ကျနော့်ကို ဘယ်တော့မှ မခေါ်တော့ဘူး။ အဖေ့ကိုလည်း ဘောလုံးလေး ၀ယ်ပေးဖို့ မပြောပြရတော့ဘူးပေါ့။ အမေ အလုပ် အသစ်ရတဲ့ ရုံးကိုတော့ ကျနော် တစ်ခါမှ မရောက်ဖူးဘူး။ လစာ ပိုကောင်းလို့ အန်ကယ်လှက ပြောင်းပေးလိုက်တာတဲ့။ ဒါပေမဲ့ အခုထိလည်း ဘောလုံး မ၀ယ်ပေးသေးပါဘူး။ ပိုက်ဆံကလည်း ဘယ်တော့မှ ရှိမလဲ မသိဘူး။ အမေကတော့ ကျနော် ပြန်မရောက်ခင် ရုံးက ပြန်ရောက်တယ်။ အဖေကတော့ အမြဲ မိုးချုပ်တယ်။

တစ်ခါကဆို အဖေ့ကို ကျနော် အောင်လင်းတို့ အဖေလို ဒေါက်တာကြီး လုပ်ပါလားလို့ ပြောဖူးတယ်။ အဲဒါမှ ပိုက်ဆံ များများရပြီး ဘောလုံးလေး ၀ယ်ပေးနိုင်မှာပေါ့။ ဒါပေမဲ့ အဖေက ဘာမှ ပြန်မပြောဘူး။ အမေကတော့၊ သား နောက်တစ်ခါ အဲလို မပြောနဲ့တော့၊ အဖေ စိတ်မကောင်းဘူးတဲ့။ နောက်နေ့ကျ အဖေက အိမ်ရှေ့မှာ ကျနော် စာကျက်နေတုန်း ပြောတယ်၊ ထွန်းထွန်းရာ အဖေက လူတွေကို ဆေးမကုပေမဲ့ အဖေ့ ကားကြီးကိုတော့ ခဏခဏ ဆေးကုပါတယ်ကွာ…တဲ့။ ဒါဆို အဖေ ဘောလုံးဝယ်ပေးလို့ မရဘူးလား ဆိုတော့ အဖေက ပိုက်ဆံမှ မရှိတာလို့ ပြန်ပြောတယ်။


ဒီ မြောင်းပေါ်က တံတားလေး ဖြတ်လိုက်ရင် ရှေ့ဆို အိမ်ရောက်ပြီ။ ကျနော် ဒီလ အဆင့်တစ်ရရင်တော့ အမေက ဘောလုံးတစ်လုံး ၀ယ်ပေးမယ် ပြောတယ်။ ကျနော်လိုချင်တဲ့ ဘောလုံးပေါ့။ ဒါပေမဲ့ ဘယ်တော့မှလည်း အဆင့်တစ် မရဘူး။ စာလည်း မကျက်ချင်ဘူးလေ။ ဘောလုံးကန်တဲ့ အကြောင်းပဲ စဉ်းစားနေမိတယ်။ ဒါပေမဲ့ ဘောလုံးလေး တစ်လုံးတော့ လိုချင်တာပဲဗျာ။


Labels:

posted by Htoo Myat
2/28/2008

1 comments

အရှင် ကုမာရ



ငယ်ငယ်ကတည်းက ငါ အမြဲ ကိုယ့်ဟာကိုယ် မေးမိတဲ့ စကားတစ်ခွန်း ရှိခဲ့တယ်။ ပြည့်စုံတယ် ဆိုတာ ဘာလဲ လို့ပေါ့။ ငါ့ဘ၀မှာ ဘယ်တုန်းကမှ အဲဒီအဖြေ မရခဲ့ပါဘူး။ ငါ့ အဘ အဲ... ငါ့ခမည်းတော် ဦးလှဒွေး လည်း မဖြေနိုင်ခဲ့ဘူး၊ မယ်တော် ဒေါ်ဘုမလည်း မဖြေနိုင်ခဲ့ဘူး။ နင်လည်း မဖြေနိုင်ခဲ့ပါဘူး မိအေး။ ငါ့ကို ပတ်ဝန်းကျင်က ပေးခဲ့တဲ့ အဖြေကတော့ ဘ၀ဟာ ဘာလဲ ဆိုတာပါပဲ။

အခုလို သစ်သားကြမ်းခင်းပေါ် ဖျာတစ်ချပ်နဲ့ အိပ်ရတာထက် ငါ့ အရင် တဲစုတ်လေးက ၀ါးကပ်ကြမ်းခင်းပဲ ဖြစ်ဖြစ် ဒါ့ထက် ကြမ်းတမ်းတဲ့ နေရာပဲ ဖြစ်ဖြစ်၊ ငါတမ်းတမိတယ်။ ဘ၀ တစ်လျှောက်လုံးမှာ ဒီလို အေးအေးချမ်းချမ်း မနေဖူးသေးတော့ ငါနဲ့ မကိုက်ဘူးလေ။ ငါ့နှယ် ဆင်းရဲဇာတာ ပါလို့လားမသိ၊ ဒီလို နေရတာ နေလို့ကို မထိဘူးလေ...။ ဆရာတော်ကြီးက ငါ့ကို သူမရှိတော့တဲ့ နောက်ပိုင်း ဒီရွာကျောင်းမှာ ကျောင်းထိုင် ဖြစ်စေချင်တာကို ငါသိတယ်။ သူ့ကို အားနာလို့ပဲ ငါ ဆက်နေဖြစ်တာ။

စစချင်း တစ်လလောက်က ညနေ စောင်းပြီဆို ငါ လေချဉ်တွေ ပျို့တက်လာပြီး အရမ်း သောက်ချင်လာတာပဲ။ ဘယ်လိုမှကို ထိန်းလို့ မရဘူး။ ဆရာတော် တရားဟောလည်း အလကားပဲ။ အခုတော့ ငါ အဆင်ပြေသွားပါပြီ။ အရင်ကဆို ငါ့ ဘ၀ တစ်လျှောက်လုံး အရက်နဲ့ ကင်းမှ မကင်းခဲ့တာပဲ။ အဲ... ဘ၀ တစ်လျှောက်လုံး ဆိုတာ ငါ့ မိဘတွေ ဆုံးသွားပြီးမှပါ။ ငါ ကိုယ့်ဝမ်းကိုယ် ကျောင်းရတဲ့ အခါမှပါ။ အဲဒီနေ့ ညတုန်းက ငါတို့က အရက်ဆိုင်ကို အသွားမှာပေါ့။ နင့်ကို တွေ့ခဲ့မိတာဟာ ငါ့ ဘ၀ရဲ့ ပထမဦးဆုံး ကျေနပ်စရာ ကောင်းတဲ့ အချက်လေးပဲ မိအေး။ မနေ့ တစ်နေ့က လိုပါပဲကွာ...။ တကယ်ဆို အခုချိန် မင်းတို့လို မာတုဂါမတွေ အကြောင်းကို မတွေးသင့်ဘူးပဲ။ ငါ့စိတ်ကိုထိန်းမှ။ ကျောကလည်း ပူလိုက်တာဟဲ့...။ ငါ လူ့ဘောင်မှာ တုန်းက ဒီလို ရာသီမျိုးဆို ငါ အင်္ကျီချွတ်နဲ့တင်မက လုံချည်လှန်ပြီးတောင် အိပ်လိုက်သေးတယ်။ အခုတော့ ငါ့နှယ် သင်းပိုင်ကြီးနဲ့၊ အတော်ကို ပူတာပဲ။ တော်သေးတာပေါ့ ဘေးမှာ ယပ်တောင်လေး ရှိတာ။

ငယ်ငယ်ကတည်းက ရုန်းကန်လာရတော့ အခုလို ရွာလှည့် ဆွမ်းခံစားရတာ ငါ့အတွက် ဘ၀ဟာ အခု အရမ်းကို လွယ်လွန်း နေတော့ နေမထိ မထိုင်သာတောင် ဖြစ်မိတယ်။ ငါဆို ဟိုး ငယ်ငယ် အသက် ခုနှနှစ် သားလောက် ကတည်းက အဘနဲ့ အတူ လယ်ထဲလိုက်ပြီး နွားလိုက်ကျောင်းခဲ့ရတယ်။ မနေ့ညနေကတောင် ကျောင်းကို ဒကာမကြီး တစ်ယောက်လာတုန်း သူ့သားတွေ ပျင်းတဲ့ အကြောင်း၊ ဆိုးတဲ့အကြောင်းတွေ ပြောသွားလို့ စိတ်ထဲ ပြန်သတိရမိသေး။ ငါတို့တုန်းကလိုများ နေရရင် ဒီကလေးတွေ ဘယ့်နှယ့်နေမလဲ လို့ပေါ့။ ငါ ငယ်ငယ်တုန်းက ငါးနှစ်၊ ခြောက်နှစ်၊ ခုနှနှစ်၊ ရှစ်နှစ်၊ ကိုးနှစ် အဲဒီ ငါးနှစ်လုံးလုံး ဒီကျောင်းမှာ စာသင်ခဲ့ရတာလေ။ ငါပြန်ရောက်တော့ ဆရာတော်ကြီးကိုတောင် မနဲ မှတ်မိအောင် ကြည့်ယူရတယ်။ သူကတော့ လူကြီးမို့လားမသိ မှတ်မိပါတယ်။ ဒကာကြီးလှဒွေးသား မဟုတ်လားတဲ့...။

ရွာမှာ မိုးအကြီးအကျယ် ခေါင်တဲ့နှစ်က ငါ့ကိုမွေးတယ်။ ငါကတော့ အောင်ဘုတို့ ဒွေးလေး ဆုံးတဲ့နှစ်လို့ပဲ မှတ်ထားတယ်။ ကြီးတော် သာလှရဲ့ သားကြီး ခွေးပု ရှင်ပြုတဲ့ နှစ်ပေါ့။ ငါ ဆယ်နှစ်သားတုန်းကမှ ငါတို့ မိသားစု ရွာကို စွန့်ခဲ့ရတာပါ။ တိုင်းပြည်က ဘာဖြစ်ဖြစ် ငါတို့ တောသားတွေပဲ ခံရတာ ဆိုသလို၊ အဲဒီတုန်းက ဆိုရှယ်လစ် အစိုးရ ဆိုလားပဲ။ ငါ့အဘတို့ စိုက်သမျှ စပါးတွေကို သူတို့ကိုပဲ ရောင်းရတယ်။ ဈေးကလည်းနည်း၊ ငါတို့ လယ်သမား လုပ်နေပြီး စားဖို့တောင် မရှိတော့လို့ လယ်လေးကို ရောင်းပြီး မြို့ကြီး တက်ခဲ့ကြတာပေါ့။ ငါမမွေးခင် ပြည်တော်သာ အစိုးရခေတ်က အေးအေးချမ်းချမ်း နေခဲ့ရတာတွေဟာ ငါ့အဘ ပြောခဲ့တဲ့ ယုံတမ်းပုံပြင်ထဲက တစ်ခုလိုပဲ ကျန်ခဲ့တာပေါ့။ အဲ... လယ်ဆိုတာ၊ လယ်ကွက်ရော၊ အိမ်ရော... ငါတို့ နွားလေး တစ်ယှဉ်းရော ပါတယ်လေ။ အဲဒီတုန်းက တို့နွား ငနက်ကြီး ငါ အခုထိ မှတ်မိသေးတယ်။ ကိုယ်တိုင် ကျောင်းခဲ့ရတာဆိုတော့ သံယောဇဉ် ရှိတာကိုး၊ ရောင်းရတဲ့ နေ့က ငါ့မှာ အရမ်း ငိုရလွန်းလို့ တက်တောင် တက်သွားတယ်လို့ အမက ပြန်ပြောပြတယ်။

အမ အဲ... မယ်တော်... တော်ပါပြီကွာ... ခေါင်းမူးတယ်။ ငါ လူလိုပဲ ပြောတော့မယ်။ ဘုန်းကြီးစကားနဲ့ သိပ် မရင်းနှီးသေးတော့ ပြောရခက်တယ်။ အင်း... ငါ့အမ အကြောင်း ပြောရင် ငါ စိတ်မကောင်းဘူး။ သူ့ခမျာ ရွာမှာ ပြန်ပြီး ခေါင်းချသွား ချင်ခဲ့တာ...။ ငါတို့လည်း မြို့သာ တက်သွားတယ်။ ဟိုမှာလည်း ဘာမှ မထူးပါဘူး။ ငတ်တာက ဆက်ပြီး ငတ်နေတုံးပါပဲ။ ငါတို့တွေ ကွက်သစ်တွေမှာ နေရာ လိုက်ရှာပြီး တဲစုတ်လေးထိုး၊ သားအမိ သားအဖ သုံးယောက် နေကြပေါ့။ အဘခမျာမယ် ပင်ပင်ပမ်းပမ်းနဲ့ ပွဲရုံမှာ ပဲအိတ် ၀င်ထမ်းခဲ့ရတယ်။ သူ အမြဲပြောတာကတော့ ငါက လယ်သမားကွ၊ ငါ ခံနိုင်ရည် ရှိပါတယ် ဆိုလားပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့လဲ စိတ်ပျက်လာပြီး ခံနိုင်ရည် ပိုရှိအောင် ကြိုးစားရာကနေ အရက် သောက်တတ်လာရောပေါ့။ အစကတော့ နဲနဲ နဲနဲချင်းပဲ။ နောက်ကျတော့ သူလည်း အရက်သမားကြီး လုံးလုံး ဖြစ်သွားတယ်။ ငါ့အမလည်း စိတ်တွေ ညစ်တာပေါ့။ အကျိုးဆက်ကတော့ ငါလည်း သူ့ကို တွဲခေါ်ပြီး အိမ်ပြန်လာဖို့ကို ညဖက် အရက်ဆိုင်မှာ သွားသွား စောင့်ရရင်းကနေ၊ အမြည်းလေး နှိုက်စားတတ်လာတာပေါ့။ ဒါပေမဲ့ အဘက ငါ့ကို ဘယ်တုန်းကမှ အရက် မတိုက်ခဲ့ပါဘူး။

တစ်နေ့ ငါ့အဘ အရက်သောက်ပြီး ပြန်လာတော့ အိမ်မှာ ဆန်မရှိတဲ့ ကိစ္စက စပြီး ငါ့အမနဲ့ ရန်ဖြစ်တယ်။ အမက အဘကို အပြင်မှာပဲ အိပ် ဆိုပြီး အပြင်က ကွပ်ပစ်လေးမှာ ထားခဲ့တယ်။ မနက်ကျတော့ အဘကို နှိုးလို့ မရတော့ဘူးလေ။ အဘရက်လည် ညမှာ ငါ့ကို အမက ပြောတယ်။ သူ့ကလှည့်ကျ ရွာမှာပဲ ခေါင်းချချင်တယ်တဲ့။ အဘသေပြီး ငါးနှစ်လောက် ကြာတော့ အမေလည်း ဆုံးတာပါပဲ။ အမဆုံးတော့ သူ့ ခေါင်းအုံးထဲ ထည့်ချုပ်ထားတဲ့ ငွေလေး သုံးဆယ်ပဲ ငါ့ကို ပေးနိုင်ခဲ့တယ်။ “သား... ရွာပြန်ပါတဲ့...” ငွေသုံးဆယ်နဲ့ ရွာပြန်လို့ မရတော့တာကိုတော့ မသေခင် နှစ်နှစ်လောက် အိမ်ထဲပဲ နေနေရလို့ မသိတဲ့ အမကို ငါ စိတ်ဆင်းရဲမှာစိုးလို့် ငါမပြောခဲ့ဘူး။ ငါ အမကို ရွာပြန် မသယ်နိုင်ခဲ့ပါဘူး။ အင်း... အခုဆို ငါ့ မယ်တော်ခမျာမယ် အရိုးတောင် ဆွေးနေလောက်ပါပြီလေ။ ကိုယ့်ဟာကိုယ်ပဲ အဲလို ဖြေပြီး တွေးရတာပါပဲ။

နင်နဲ့ တွေ့ရတုန်းက ငါ သင်္ဘောဆိပ်မှာ ကုန်ထမ်းနေတုန်းကပေါ့ မိအေး။ ငါ့မှာလည်း ဒီဒုက္ခတွေကို ငါ့ တစ်ယောက်တည်းပဲ သိမ်းကြုံး ခံစားချင်ခဲ့တာပါ။ မင်းကိုပါ ဆွဲထည့်ဖို့ကို ငါ ဘယ်တော့မှ မကြံစည်ခဲ့မိပါဘူး။ ဒါပေမဲ့ မင်းကို ငါ ဖွင့်ပြောဖြစ်ခဲ့တယ်။ ကိလေသာ ဆိုတာကလည်း အခက်သားကလား... အဲဒီနေ့က ငါလည်း ကုန်သွားမထမ်း၊ မင်းလည်း ကွမ်းယာ သွားမရောင်းတော့ပဲ နှစ်ယောက် စလုံး လျှောက်လည်ကြတာလေ...။ ငါ အခုထိ သတိရသေးတယ်။ ငါတို့ တတ်နိုင်တာကတော့ ဗီဒီယို ရုံထဲသွားပြီး မြန်မာကား ကြည့်ကြရုံပဲပေါ့။ အဲဒီတုံးက ငါ အလုပ်ပင်ပမ်းလို့ နဲနဲလေး သောက်တတ်လာပြီလေ ငါတို့ ဆင်းရဲသား ဘ၀မှာ ဖျော်ဖြေစရာ ဆိုလို့ ဒါပဲရှိတာကိုး။ ဒါပေမဲ့ ငါ နင့်ကို ဒေါ်ဖွားပု အပ်ချုပ်ဆိုင်က အပ်ထည်အကျလေး တစ်ထည်လောက် ၀ယ်ပေးချင်လို့ ငါ သုံးရက်လောက် မသောက်ပဲ စုလိုက်သေး... ဟေးဟေး...။

မင်းနဲ့ ငါနဲ့ လက်ထပ်တုံးကဆို ငါ့ ဘောတံတားက ကောင်တွေကော နင့်သူငယ်ချင်း ဈေးသည်တွေကော ခေါ်ပြီး လဘက်ရည်ဆိုင်မှာ မုန့်ကျွေးတယ်လေ။ ငါတို့က တစ်ယောက်ကို လဘက်ရည် တစ်ခွက်နဲ့ အီကြာကွေး တစ်ချောင်းပဲ ကျွေးနိုင်လို့ သူတို့က ပူညံပူညံ လုပ်နေကြသေးတယ်။ ဒါပေမဲ့ ငါတို့ သား မောင်လှဌေးလေး ကင်ပွန်းတပ်တုန်းက သူတို့ကို ဆီထမင်း ထိုးကျွေးတာကျတော့ ကြိုက်တတ်လိုက်ကြတာ... ဟားဟားဟား... စားတာမှ စကားတောင် ပြန်မပြောနိုင်ကြဘူး ။

မင်းဟာ တကယ့် မယားကောင်း တစ်ယောက်ပါကွာ... ငါသာ လင်ကောင်း တစ်ယောက် မဖြစ်ခဲ့တာပါ။ မင်းကိုငါ ပေးသမျှ ပိုက်ဆံလေးနဲ့ လောက်အောင် နေတယ်။ ငါ့ကို ဘယ်တော့မှလဲ နားပူနားဆာ မလုပ်ခဲ့ဘူး။ သား တစ်ယောက်သာ ရတယ်၊ မင်းနဲ့ ငါနဲ့ ဘာမှ ပြဿနာ မတက်ခဲ့ဘူးနော်... အဲ... တစ်ခုက လွဲလို့ပေါ့။ ငါ အရက် သောက်တယ်ဆိုတာ ပင်ပမ်းလို့ပါ မိအေးရယ်။ ငါ အစက နဲနဲ သောက်တာနဲ့ မူးတယ်။ ကြာလာတော့ ငါ ထုံလာပြီး များများ သောက်မှ မူးနိုင်လို့ပါ။ အိမ်မှာလဲ နင့်ပိုက်ဆံနဲ့ လောက်တာပဲဟာ... ငါတို့ ရန်ဖြစ်ခဲ့ကြတာ အရက်ကြောင့်ပဲ ရှိတယ်နော်။ ဒါပေမဲ့ နင်က ဘယ်တုန်းကမှ ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား မအော်ခဲ့ပါဘူး။

နင့်ကို ပါးရိုက်မိတဲ့ ညက ငါ သိပ်မူးနေခဲ့လို့ပါ မိအေး။ နောက်နေ့ကျ သားလေးကို လက်ဆွဲ ထန်းခေါက်ဖာလေး ရွက်ပြီး အိမ်ဝင်းထဲက ထွက်သွားတဲ့ နင့်ပုံကို ငါ့တစ်သက် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး။ အဲဒါ နင်နဲ့ သားလေးကို နောက်ဆုံးတွေ့ရတာမှန်း သိရင် ငါ နင့်ကို လှမ်း အော်ခေါ်ပါတယ် မိအေးရယ်... တကယ်ပါ။ နင်နဲ့ သားလေး နင်တို့ ရွာကိုလဲ မရောက်တော့ဘူး။ ငါ့ဆီကိုလည်း ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတာကို တစ်ပတ် ကြာမှ ငါသိခဲ့တာပါ။ ဇီဇ၀ါ သဘောင်္ကို ငါ ကုန်ထမ်းရင်းနဲ့ တက်တက် သွားနေကြပဲ။ နင်တို့ ပါတဲ့ အခေါက်မှ နစ်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်မိခဲ့ဘူး မိအေး...

ရွာပြန်ရောက်ပြီးတော့ ငါ ရွာဦး ဘုန်းကြီးကျောင်းကို တန်းသွားတယ်။ ရှေ့မီ နောက်မီ လူကြီးတချို့က လွဲလို့ ငါ့ကို ဘယ်သူမှ မသိကြတော့ဘူးလေ။ ငါ တည်းစရာ အိမ်လည်း မရှိတော့ဘူး။ သူကြီးကလည်း ငါတို့ ငယ်ငယ်က မြို့တက်ပြီး ကျောင်းသွား တက်နေခဲ့တာဆိုတော့ ငါ့ကိုမသိဘူး။ ငယ်ငယ်တုန်းက ငါ့သူငယ်ချင်း ပေစိ တို့ ရွှေမိတို့ ဂွတိုတို့လည်း တစ်ရွာ မပြောင်း သူကောင်းမဖြစ် ဆိုသလိုပဲ ငါတို့နဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ မိသားစုလိုက်ကို ပြောင်းသွားကြတယ်တဲ့... ငါတို့ မိသားစုကတော့ သေချင်တဲ့ကျား တောပြောင်းခဲ့တာပါကွာ...

နောက်... ငါ့ဘ၀ အကြောင်းကို ဆရာတော် ဘုရားကို ပြန်ပြောပြတော့၊ “ဟဲ့... ဘိုးခေါင်... နင် လူ့ဘုံမှာ ပျော်မွေ့နေ သရွေ့တော့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ နေရဦးမှာပဲ... အင်း... နင်တို့လို ပုထုဇာဉ်တွေဟာလည်း ကိလေသာမှာမှ ပျော်မွေ့ချင်ကြတာကလား...” လို့ မှတ်ချက်ချတယ်။ နောက် အကြာကြီး တိတ်နေပြီး “ငဘိုးခေါင်... သံသရာက မလွတ်သရွေ့ နောက်ဘ၀တွေ ဘ၀တွေမှာလဲ နင် ဒီလိုပဲ ကြုံတွေ့နေရဦးမှာပဲ။ ဟဲ့အကောင် ငါကူညီနိုင်တာ တစ်ခုတော့ ရှိတယ်။ သာသနာ့ဘောင် ၀င်ချင်သလား...” လို့ ငါ့ကိုမေးတယ်။ ငါ့မှာ ဘယ်လို ပြန်ဖြေရတော့မှာလဲ မိအေး... ငါ့ဘ၀မှာ ဘယ်သူမှမှ မရှိတော့ပဲဟာ...

ဟာ... ကလားတက် ခေါက်ချိန်တောင် ရောက်ပဟေ့ လူးလဲ ထရဦးမယ်လေ။ တော်ပါပြီလေ၊ ကပ္ပိယကြီးက တစ်ကျောင်းလုံး ကြားလောက်တဲ့ သူ့အသံပြဲကြီးနဲ့ ရှင် ကုမာရ... ရှင် ကုမာရ... လို့ လာအော်နှိုးမှပဲ ထပါတော့မယ်လေ။ လင်းကြက်တွေ တွန်တဲ့အသံ ဒီနေ့မှ ပိုသာယာနေသလိုပဲရယ်၊ အင်း... ငါ့ အခုဘ၀ဟာ အေးချမ်းလှပါကလား...

Labels:

posted by Htoo Myat
2/28/2008

0 comments

ရွှေလဲ့ရေ...



ငါ့ညနေတွေလည်း အခု နောက်ပိုင်းမှ စောစောစီးစီး မှောင်လာသလိုပဲ။ အရင်ကဆို မင်းနဲ့ငါနဲ့ ကျောင်းအပြန် ကားမှတ်တိုင်မှာ ဆုံနေကြအချိန်လေးပေါ့။ ငါဆင်းရမဲ့ မှတ်တိုင်နားက အိမ်ကြီးကိုလည်း သတိရမိတယ်။ မနက် မနက် ဘတ်စကား မှတ်တိုင်ကို ငါအရင်လာပြီး သူ့တံတိုင်းအပြင် ထွက်နေတဲ့ တရုတ်စံကားပင်ကိုင်းက ပန်းလေး တစ်ပွင့်ကို မင်းအတွက် ခိုးခိုး ခူးလာပေးရတာပေါ့။ သိလည်း ဘာမှတော့ မပြောလောက်ပါဘူးလေ၊ အပြင်ထွက်နေတဲ့ အကိုင်းပဲဟာ။ မောင်မောင်ဦးတို့လို သူ့ရည်းစားကို ပန်းစည်းလေး ပေးချင်ခဲ့တာပေါ့ကွာ...။ ဒါပေမဲ့ ငါ့အမေလည်း မုန့်ဖိုးများများမှ မပေးနိုင်ခဲ့တာ။ အဲဒီတုန်းက ငါတို့နှစ်ယောက် မုန့်ထွက်စားကြရင် နားလည်စွာနဲ့ အအေးတစ်ပုလင်းပဲ ပုံမှန် သောက်တတ်တဲ့ မင်းကို ငါ အခု ၀မ်းလည်းနည်းတယ်၊ ကျေးဇူးလည်း တင်မိတယ် ရွှေလဲ့...။

အခုလည်း မင်းအတွက် ငါ့မှာ နှင်းဆီပန်းလေး တစ်စည်းတော့ ပါလာတယ်။ ငါ ငါးပွင့်ပဲ ၀ယ်လာခဲ့တယ်။ ငါ အပွင့် ငါးဆယ်လောက်နဲ့ ဧရာမ ပန်းစည်းကြီး ၀ယ်ခဲ့ချင်တာပါပဲ။ ငါလို အင်တာနက် ကဖေးတစ်ခုက စာရေး၊ အင်း... အလုပ်သမား လို့ပဲ ပြောပါတော့ကွာ... ငါက ဘယ်လိုလုပ် ၀ယ်ပေးနိုင်မှာလဲ။ ပြီးတော့ တစ်ချိန်က ငါတို့ စိတ်ကူးယဉ် ခဲ့ကြတဲ့ အိပ်မက် တွေဟာလည်း ဖြစ်မလာခဲ့ဘူးလေ...။ ဒါတွေဟာ နောင်လည်း ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်တော့ပါဘူးကွာ။

ဒီတက္ကသိုလ်ကို ငါက ၀ါသနာပါလို့ကို တက်ခဲ့တာ။ ငါ ကွန်ပျူတာ ပရိုဂရမ်တွေ ဆွဲနိုင်တဲ့ တစ်နေ့ကျ နင့်ကို အိမ်တစ်လုံးလောက် ရှိတဲ့ ပန်းစည်းကြီး ပေးမှာပါလို့ တရုတ်စံကားပန်းလေး မင်းကို ကမ်းပေးရင်း ပြောခဲ့တယ်နော်...။ မင်းကလည်း ငါ ကွန်ပျူတာရှေ့ အထိုင်ရတာများလို့ ယောင်္ကျား ရောဂါတွေ ဖြစ်ရင် ကုပေးမှာပေါ့လို့ ပြောခဲ့တယ်လေ... ဟားဟား...။ အခုနောက်ပိုင်း ပြန်ပြောတော့တာ ရယ်နိုင်တာ နင် မရှိတော့ခါစကဆို ဒီလို ဘယ်ရယ်နိုင်မလဲ။ အဲဒီတုန်းကဆို မင်းတို့ ဆေးတက္ကသိုလ်ထဲ ၀င်ဝင်လာရတိုင်း ကိုယ့်ဟာကိုယ် သိမ်ငယ်မိတယ်။ အခုလည်း သိမ်ငယ်ဦးမှာပါပဲ။ နင်တို့ဆီမှာ ကိုယ်ပိုင် ကားပေါ်က ဆင်းလာတဲ့ လူတွေချည်းပဲ။ တကယ်တော့ မင်းလည်း မင်းအဖေ မအားလို့သာ လိုက်မပို့နိုင် ဖြစ်ရတာ မင်းအိမ်မှာလည်း ကားတစ်စင်း ရှိတာပါပဲလေ။ ဒီလို ချမ်းသာတဲ့၊ အချစ်ကို တန်ဖိုးမထားတဲ့ ရုပ်ဝတ္ထု သမားတွေကြားမှာ မင်းကိုလည်း ငါ့မှာ စိတ်ပူမိတယ်။ မင်းကတော့ အခုလို ရုပ်ဆိုးတဲ့ ငါ့ကိုပဲ ချစ်ခဲ့တယ်နော်။ မင်းက သိပ်ချစ်စရာ ကောင်းခဲ့ပါတယ် ရွှေလဲ့။

ငါ့ကို အမြင်မကြည်တဲ့ မင်းအမေကြီးနဲ့ ဆန့်ကျင်ဖက်၊ မင်းကို သိပ်ချစ်တဲ့ ငါ့အမေလည်း ဆုံးသွားရှာပြီ။ အမေ့ ပိုက်ဆံထည့်ထားတယ် ဆိုတဲ့ အန်တီ ဒေါ်အေးမြင့်ကတော့ အမေဆုံးသွားတာနဲ့ သူ့လုပ်ငန်းက ရတဲ့ အမြတ်လည်း ငါ့ကို လာခွဲမပေးတော့ဘူး။ ငွေလည်း ပြန်မအမ်းတော့ဘူး။ တရားစွဲလည်း စရိတ်က မတတ်နိုင်တော့ ငါလည်း ဘာမှ မပြောတော့ပါဘူး။ မတရားတာ မကြိုက်တဲ့ နင်ကတော့ ငါ့ကို ညံ့လိုက်တာလို့ ပြောဦးမှာ...။ အခုမှ ငါလည်း အသေအလဲ ရုန်းကန် နေရတော့တာပေါ့။ တက္ကသိုလ် တက်နေခဲ့တုန်းက ငါ စတာဒီဂိုက် လုပ်ပေးခဲ့တဲ့ ကလေးလည်း အခု ဆယ်တန်းအောင်သွားပြီ။ ငါလည်း အလုပ်အသစ် လိုက်ရှာရတော့တာပေါ့။ အဲဒါနဲ့ ငါလည်း ကွန်ပျူတာလေး ဖွင့်တတ် ပိတ်တတ် ရှိတော့ အခု အင်တာနက် ကဖေးမှာ ၀င်လုပ်ဖြစ်ခဲ့တာပဲ။ ဒီနေ့တောင် ကွန်ပျူတာတွေ အားလုံး ပိတ်၊ ဆိုင်တံခါးပိတ်၊ လိုင်းကားစီးပြီး နင့်ဆီလာခဲ့တာပေါ့။ ဆိုင်စောစောပိတ်လို့လေ။

ငါလည်းဒါနဲ့ပဲ အချိန်ကုန်နေတာပါပဲ ရွှေလဲ့ရာ။ ဒါပေမဲ့ ငါ နင့်ကို အမြဲလွမ်းပါတယ်။ အခုတော့ ပရိုဂရမ် ရေးနိုင်ဖို့ နေနေသာသာ ကိုယ်ပိုင် ကွန်ပျူတာလေး တစ်လုံးတောင် မရှိ၊ ငါ့ ဆရာဝန်မလေး ရွှေလဲ့လည်း... အင်း... ရောက်တုန်း ရောက်ခိုက် ငါ ၀မ်းနည်းစရာလေးတွေ မတွေးချင်ဘူး။ ၀မ်းသာစရာ ရှာကြံ ပြောရမယ် ဆိုရင် အရင်က နင်နဲ့ မိတ်ဆက်ပေးဖူးတဲ့ ငါ့သူငယ်ချင်း အောင်ကြီး ကတော့ အခု စင်ကာပူ ထွက်သွားတယ်။ နင့်သူငယ်ချင်း နွယ်နွယ်အေးလဲ အခုတော့ သူ့အမေဆိုင်အပြင် နောက်ထပ် ဆိုင်ခွဲနှစ်ခု ထပ်ထောင်ပြီး ကြီးပွားနေလေရဲ့။ ဆေးကုတာ ထက်တောင် ပိုမြတ်သေး ဆိုလားပဲ။ ဆရာဝန် အလုပ်ကို မလေးစားတဲ့ သူတွေ့ရင် နင့်ရဲ့ မွန်မြတ်တဲ့ စိတ်ကလေးကို တအားသတိရမိတယ်။ နင်ကတော့ တောရွာတွေ သွားပြီး ဆေးသွားကု ချင်တာနော်...။ ပိုက်ဆံထက် လူတွေ လေးစားတာ၊ ချစ်တာကို နင်က ပိုလိုချင်ခဲ့တာပဲ။

နင်က ငါသာ အဲလို ဆရာဝန် ဖြစ်ခဲ့ရင်... ငါသွားတဲ့ နေရာတိုင်း နင် လိုက်နိုင်မလားလို့ အဲဒီတုန်းက မေးတော့၊ နင်နဲ့အတူ ငါ နေရာပေါင်းစုံ လျှောက်မလိုက်နိုင်ဘူး။ ငါတို့နိုင်ငံကလည်း မတိုးတက်သေးတော ငါအလုပ်လုပ်ဖို့ ကွန်ပျူတာက နေရာတိုင်းမှာမှ မရှိနိုင်တာလို့ ငါဖြေခဲ့တယ်။ အခုလို ကြိုသိခဲ့ရင် ငါ လိုက်ခဲ့မယ်လို့ ဖြေခဲ့သင့်တာပါပဲ။ အခုနေသာ လိုက်လို့ရဦးမယ် ဆိုရင် ငါ ချက်ချင်း ထလိုက်ခဲ့မှာကို ယုံပါတော့ ရွှေလဲ့ရေ...။

အဲဒါကြောင့်ပေါ့။ ငါ တိတ်တိတ်လေး ကြံစည်ပြီး ခေါင်းအုံးအောက်မှာ ငါ ပိုက်ဆံစုခဲ့တယ်။ တစ်နေ့ နင့်အတွက် အသုံးဝင်အောင် လို့ပေါ့။ အစိုးရကလည်း ဘာမှ မကူညီနိုင်၊ နင်ကလည်း ခေါင်တဲ့ ဒေသတွေ သွားချင်ရင် ဒုက္ခ ရောက်ရှာမှာ ဆိုပြီးပေါ့။ အခုတော့လည်း ငါနင့်ကို မပေးနိုင်တော့ဘူး ရွှေလဲ့ရယ်။ နင်မရှိတဲ့ နောက်ပိုင်း နှစ်လလောက် ငါ အရက်ခွက်ထဲ ခေါင်းစိမ်ခဲ့သေးတယ်။ အဲဒီပိုက်ဆံနဲ့ပေါ့ကွာ... ငါ... ငါလေ... ငါ ခံစားခဲ့ရ လွန်းလို့ပါကွာ။ သူများတွေလို သူငယ်ချင်း မကောင်းလို့လို့ လွှဲမချချင်ပါဘူး။ ငါ့အပြစ်တွေပါပဲ။ ငါလည်း ငယ်သေး၊ မရင့်ကျက်ခဲ့သေး လို့ပေါ့ကွာ...။

အခုတော့ လမ်းထိပ်နား ပန်းခြံလေးက ငါတို့ ထိုင်နေကြ ခုံတန်းလေးမှာလည်း အတွဲ အသစ်တွေ ရောက်နေကြပြီပေါ့။ ငါလည်း မကြည့်မိအောင် ကြိုးစားပါတယ်ကွာ။ ဒါပေမဲ့လည်း ဘယ်တောမှ မဖြစ်နိုင်ခဲ့ပါဘူး။ အဲလို မင်းကို သတိရတာနဲ့ ရယ်စရာလေး ဖြစ်တာ ပြောရဦးမယ်။ ငါ နှစ်လလောက် ပေတေခဲ့ပြီး ဆေးရုံတက် အရက်ဖြတ် ပြီးခါစပေါ့၊ ဒါတောင်မှ ငါ့အမေ အတော် တရားဟောကောင်းလို့ တက်ဖြတ်ဖြစ်ခဲ့တာ။ အဲ... ငါ အဲဒီနေ့က မင်းနဲ့ သွားထိုင်နေကြ ဆိုင်လေးမှာ ၀င်ထိုင်ပြီး ခပ်တည်တည်နဲ့ လဘက်ရည် ပေါ့ကျ တစ်ခွက်နဲ့ အအေး တစ်ပုလင်း ဆိုပြီး မှာလိုက်မိသေးတယ်။ ငါပဲ နှစ်ခုလုံး ကုန်အောင် သောက်လိုက်ရတာပေါ့။ အအေးက ဘယ်လောက်ပဲ အေးစိမ့်နေနေ ငါ့ရင်ထဲမှာတော့ ကောင်းကောင်းကို မြိုလို့ မကျပါဘူး ရွှေလဲ့ရာ...။ ငါ ဆယ်တန်းနှစ်ကတည်း ဒီဆိုင်မှာ ငါ လဘက်ရည် သောက်လာတာ... နင်နဲ့ တွေ့တဲ့ နောက်ပိုင်းမှာ ငါ အကြိုက်ဆုံး ဖြစ်သွားပြီး အခုကျ သောက်လို့ အရသာကို မရှိတော့ဘူးကွာ။

ပျော့ညံ့တယ်ပဲဆိုဆို၊ ဒီလိုအမှတ်တရ လေးတွေဟာ ငါ့ဘ၀ကို တော်တော် ထိခိုက်စေတယ်။ နင်နဲ့ငါ အရင်က မြို့ထဲသွားရင် ရောက်နေကြ ဆိုင်က ဒေါ်လှအေးကြီးဆို ငါ လာတိုင်း မင်း မပါဘူးလားလို့ တစ်ချိန်လုံးပဲ မေးမေးနေတော့ သူ့ဆိုင်မှာတောင် ငါ မုန့်ဟင်းခါး သွားမစားဖြစ်တာ ကြာပြီ။ ငါလည်း တခါတလေ အဓိပ္ပါယ် မရှိတာတွေပဲ စွတ်စက် လုပ်မိနေတတ်ပြီ။ မနက်ကတောင် ညနေကျ မင်းဆီလာဖို့ စဉ်းစားရင်း ခြေထောက်နာနေတာကို ဆေးလိမ်းတာ သွားတိုက်ဆေးတွေ မှားလိမ်းမိလို့ ဟားဟား...။

တစ်ယောက်တည်းသမား ဘ၀ကတော့ အထီးကျန်ပါတယ်ကွာ။ ငါနဲ့ ဆွေမျိုးနီးစပ် တော်တဲ့ အဒေါ်တစ်ယောက် ကတော့ တစ်ချိန်လုံး မိန်းမယူတော့လို့ပဲ ပြောနေတာပဲ။ ဟိုမိန်းမနဲ့ လိုက်စပ်၊ ဒီမိန်းမနဲ့ လိုက်စပ်နဲ့။ ငါ့အချစ်ဟာ မင်းနဲ့ အတူသေသွားပါပြီ လို့ ဆိုရတဲ့အထိ ငါ အစွန်းမရောက်ချင်တာ အမှန်ပါ။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်ဟာ ဒီအတိုင်းပဲ။ ငါ ဘယ်သူ့ကိုမှ ချစ်မရတော့ပါဘူး ရွှေလဲ့ရယ်...။

ဘာလိုလိုနဲ့ နေတောင် လုံး၀၀င်သွားပြီ။ ငါလည်း ဗိုက်ထဲ ဆာလာပြီကွာ။ ဒီမှာ ထိုင်ရတာကလည်း နဲနဲတောင် အေးလာတယ်။ ဒါပေမဲ့ နွေဆို နင် တော်တော်ပူမှာပဲ။ ဒါပေမဲ့ အရိပ်ရတဲ့ အပင်တစ်ပင် မိုးထားတော့ တော်သေးတာပေါ့။ နင့်လက်ထဲ မထည့်နိုင်ပေမဲ့ ဒီပန်းစည်းကို ငါ နင့်အုတ်ဂူပေါ်မှာပဲ တင်ခဲ့ပါတယ် ရွှေလဲ့။ အား... ငါကလည်း မေ့လိုက်တာ။ နင့်အုတ်ဂူနားလေး ငါ လှဲကျင်းပေးခဲ့မယ် ဆိုပြီး တစ်ယောက်တည်း ထိုင်တွေးနေတာနဲ့ သတိမရလိုက်ဘူး။ တွေ့လား... အဲဒါပဲ။ ငါ ရူးကြောင်မူးကြောင်တွေ လျှောက်လျှောက်လုပ် နေတတ်တယ်ဆိုတာ။ နောက်တစ်ခါ လာမှပဲ လှဲပေးတော့မယ်။

ငါပြန်လိုက်ဦးမယ် ရွှေလဲ့ရေ...

Labels:

posted by Htoo Myat
2/28/2008

2 comments

မိုက်တီး



ဘ၀ဟာ တကယ်တော့ ကျနော့သခင် အိမ်အောက်ပဲလို့ ကျနော်ထင်ခဲ့တယ်။ ကျနော့အမေက တစ်ခါတလေ နို့လာလာတိုက်တယ်။ နောက် ကစားတော့ ကျနော့် မွေးချင်းဆိုတဲ့ အဲဒီ အထီးနှစ်ကောင် အမ သုံးကောင်နဲ့ ဆော့ရတာပေါ့။ ကြာတော့လည်း ပြင်းလာတာပေါ့။ အစကဆို အိမ်တိုင်နဲ့ ၀င်ဝင်ဆောင့်တာ သိပ်နာတာပဲ။ မြင်မှ ကောင်းကောင်း မမြင်ရသေးတာ... အခုတော့လဲ မျက်စိမှိတ် သွားတောင် ဘာမှ မတိုက်မိတော့ပါဘူး။ အမေကတော့ မထွက်နဲ့ပြောတာပဲ။ ဟိုတစ်နေ့က ကျနော်နဲ့ ညီတစ်ကောင် ထွက်ကြည့်တာ သုံးလှမ်းလောက်မှ မသွားရသေးဘူး အပြင်က အကောင်ကြီးတွေ ၀ိုင်းဟောင်ကြတာ လန့်လွန်းလို့ ပြန်ဝင်လာခဲ့ရတယ်။

အမေက တစ်ခါတလေ စိတ်ကူးပေါက်ရင် သူတို့ ငယ်ငယ်က အတွေ့အကြုံတွေ သင်ပေးတတ်တယ်။ အမဲလိုက်နည်းကတော့ တတ်တာ သိပ်မကြာသေးဘူးလေ... လောလောဆယ်တော့ မိုးတွင်းဖြစ်နေတော့ အိမ်ဘေးနား ကပ်လာတဲ့ ဖားလေးတွေနဲ့ ကျင့်နေရတာပေါ့။ ကျနော့်အတွက် ဒါက အခုမှ ဒုတိယ မိုးရာသီလေ။ အဲဒီတော့ ဖားပြုပ်ကြီးတွေ ဆိုရင်တော့ သွားမကပ်ရဲဘူး။ ကြောက်ရသကိုးဗျ။ သူတို့က ဘာပြန်လုပ်တတ်သလဲတော့ ကျနော်လည်း မသိဘူး။ ဒါပေမဲ့ အကောင်ကြီး ကြည့်ပြီး မကပ်ရဲလို့။ ဟိုးတစ်နေ့က အမေက အဖွားကိုမြုပ်ထားတဲ့ အမှိုက်ပုံဒေါင့်လေးကို လိုက်ပြတယ်။ အဖေဘယ်မှာလဲ လို့တော့ မမေးတော့ဘူးလေ... ငါတောင်မှ ငါ့အဖေ ဘယ်သူမှန်း မသိတာ နင်တို့ရော သိစရာလားလို့ ပြန်ပြောဦးမယ်။

ဒီနေ့ ကျနော် ဖိနပ်ချွတ်လေးမှာ ဇိမ်ယူနေတုန်း သခင် သေးသေးလေးက ထမင်းစားပြီး လို့လားမသိ ကြက်ရိုးတွေ လာကြွေးတယ်။ အမေရော၊ ဒီလမ်းက အသက်အကြီးဆုံး ဖိုးနီရော ကျနော့ကို သင်ထားတာ ရှိတယ်လေ။ သခင်ကို သစ္စာရှိရမယ် ဆိုတာကိုပေါ့။ ကျနော့်မှာ တန်ဖိုးများများ မရှိပေမဲ့ သခင်ကို ချစ်သရွေ့တော့ ကျနော် အဖိုးတန်မှာပါ။ ဟိုဖက် တစ်လမ်းကျော်က တစ်ဂိုဏ်းနဲ့ ချိန်းကိုက်ကြတုန်းက အဲဒီလမ်းဝက ခြံထဲမှာ ခွေးသေးသေးလေး တစ်ကောင်တွေ့တယ်။ အစက ခွေးလို့တောင်မထင်ဘူးဗျ။ အမွှေးတွေ များနေလို့လေ။ ဘေးကကောင် ငနီပြောမှ အဲဒါ ခွေးမှန်းသိတာ။ သူတို့က အဖိုးတန်တယ်တဲ့ဗျ။ ဒါပေမဲ့ ကြိုးတန်းလန်းကြီးနဲ့ နေရတယ်။ ဘယ်လောက်ပဲ ကောင်းကောင်း စားရ စားရ ကြိုးတန်းလန်းတော့ မနေချင်ပေါင်ဗျာ...။

ငနီလား... အဲဒါ ကျနော့်ညီပေါ့ဗျ။ ကျန်တဲ့ လေးကောင်မှ အမနှစ်ကောင်က ကားကြိတ်သေသွားတယ်။ ဟို သောက်စားပုပ်တဲ့ အငယ်ဆုံး အကောင်ကတော့ အမဲလုံးမိသွားလေရဲ့။ အဲဒီတုန်းက အမေက အဲဒီကောင်ကို အချစ်ဆုံးမို့ ငနီက ဒီကောင်သေမှန်းလဲ သိရော နည်းသေးတယ်လို့ ပြောတော့ ထကိုက်တယ်။ ဒါ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်ပဲ။ အမေက ကိုက်ခဲပါတယ်။ ကျနော့်မှာလည်း ခေါ်စရာ နာမည်တစ်ခု ရှိနေပါပြီဗျ။ မိုက်တီး တဲ့လေ...။ အဲဒါ ဟို သခင်ပိစိလေးရဲ့ အကို၊ ကျနော့်ကို ခဏခဏ ပိတ်ပိတ် ကန်တတ်တဲ့ လူက ခေါ်တာ။ ခွေးပဲဗျ။ ထမင်းတစ်ခါ လေးကျွေးထားရင်တောင် ကိုယ့်သခင်ပဲဆိုတာ နားလည်ရတယ်။ ကိုယ်က သူ့ထက်ပို အသိတရားရှိတော့ ပြန်မကိုက်ပါဘူးဗျာ...။

ခွေးဘ၀မှာ ရသင့်ရထိုက်တဲ့ အနာရွတ်တွေလည်း တော်တော်များများရှိနေပြီ။ ကျနော့်ပိုင် နယ်ကလည်း ဟိုဖက်လမ်းရယ်၊ ဒီဖက်လမ်းရယ်၊ နှစ်လမ်းလုံး ကျနော့် ဖက်ကခွေးတွေချည်းပဲ။ တစ်ချိန်တုံးက ဒီဖက်လမ်းသွယ် လေးခုရော လမ်းမကြီးမှာပါ ကျော်ကြားခဲ့တဲ့ ခွေးကြီး ဂုတ်ကျားကို ကျနော်က သိပ်အားကျတာ။ သူ့လို ဖြစ်အောင် ကျနော် ကြိုးစားနေရတုန်းပဲ။ ဒါက ကိုးခုမြောက် ဆောင်းတွင်းလေ။ လွန်ခဲ့တဲ့ တော်သလင်းတုန်းက ခွေးမကိုလည်း သတိရသလိုလိုတော့ ရှိသား...။ သားသမီးတွေ မွေးနေပြီပြောတာပဲ။ ဟိုဖက် တစ်လမ်းကျော်ကပေါ့။ ဟိုးတစ်ခေါက် မိတ်လိုက်ချိန်တုန်းက ကျနော်တို့ဖက်က ခွေးအုပ်နိုင်တော့ အဲဒီဖက်လမ်းသွားရင် တစ်ကောင်မှ မော်မကြည့်ရဲဘူး။ အဲဒီတုန်းက ငနီ့ကို လွှဲပေးလိုက်တော့ ကျနော်တို့ဖက်က ဆုတ်ပေးလိုက်ရရော။ သောက်သုံးမှမကျတာ။ အခုတော့လည်း မရောက်ဖြစ်တော့ပါဘူးလေ...။

အခုတောင် ချိုးချိုးချွတ်ချွတ် အသံကြားလို့။ သေချာကြည့်မှ ဟိုကောင် ခွေးမိုက် ငနီဖြစ်နေတယ်။ တကယ်ဗျာ... တမိပေါက် တစ်ကောင်ထွန်းဆိုသလိုပဲ။ လုံးဝ အသုံးမကျတဲ့ အပြင် အမေ့ကိုပါ ဒုက္ခပေးတဲ့ကောင်၊ ပြီးရင်တော့ လမ်းတကာ လျှောက်သွားနေတာပဲ။ ပေါင်းသင်း ဆက်ဆံရေးကတော့ တယ်ကောင်းတာကိုး၊ ဘယ်လမ်းသွားသွား သူ့ဘော်ဒါတွေချည်းပဲ။ အခုလည်း ဒီကောင် ဘယ်ခွေးမဆီက ပြန်လာပြန်ပလဲ မသိဘူး။ ဟိုတလောက သူနေမကောင်းတုန်းကဆို အမေရော၊ သူ့အမရော၊ ကျနော်ရော တစ်ကောင်မှ မနေရဘူး။ သူ့အတွက် အစာရှာလိုက်ရတာမှ ဖတ်ဖတ်မော။ သူ့အမရော ကျနော်ပါ အမှိုက်ပုံဖွပြီး ရသမျှ လာလာကျွေးရတယ်။ အမေတောင် မအားရဘူး။ ကျနော်တို့ ဆေးအနေနဲ့ ၀ါးဝါးစားတဲ့ အရွက်လေးတွေ ကိုက်ချွေပြီး လာကျွေးခဲ့ရတယ်။ အခု အမေရော၊ သူ့အမရော နေမကောင်းဘူး ဖြစ်နေတာကျတော့ ဒီကောင်က အိမ်ကို မကပ်ဘူး။ အိပ်ချိန်မှာ အိမ်အောက်ထဲ ၀င်ဝင်လာတာကိုပဲ ကျနော်တို့က ကျေးဇူးတင်ရတော့မလိုလို...။

အချိန်တွေ ကြာလာတာနဲ့အမျှ မိသားစုကို ပိုပိုချစ်လာတာ အမှန်ပဲဗျ။ ကျနော့် ခွေးမလည်း မြောင်းထဲကျပြီး သေသွားတယ်လို့ ပြောသံတော့ ကြားလေရဲ့။ ဟိုကောင် ငနီအကြောင်းတော့ မကြားတော့ဘူး။ ဒီကောင့်တုန်းကလည်း ဒေါသအလျောက်မို့ပါ။ တကယ်တော့ ဘယ်ရည်ရွယ်မတုံးဗျ။ တကယ်ဆို ညီအစ်ကိုက ညီအစ်ကိုပါပဲ။ အမေနဲ့ သူ့အမ နေမကောင်းတုန်းကပေါ့။ ကျနော်က ပင်ပင်ပမ်းပမ်း ဈေးရှေ့ စားသောက်ဆိုင် အမှိုက်ပုံကနေ ကြက်သားတုံးကြီး တစ်တုံးရလာတာ။ လူတွေက အောက်ပြုတ်ကျလို့ မစားတော့ပဲ ပစ်ထားတာထင်တယ်၊ ငါတော့ ပွပြီဟေ့ ဆိုပြီးတော့ပေါ့။ နောက်မှ အမေတို့ကို သတိရပြီး သူတို့ များများစားဖို့ လိုပါတယ်လေဆိုပြီးတွေးမိလို့ အိမ်ပြန်သယ်လာတာ...။ နောက် အပြင်တစ်ချက်လေး ထွက်သွားပြီး ကျနော်လည်း ပြန်လာရော ဟိုအကောင်ပေါ့။ ထုံးစံအတိုင်း ရှိတာလေးတွေ လာစားသွားပြီး သူ့ကောင်မကို မျက်နှာလုပ်ဖို့ ကျနော်ပေးထားတဲ့ ကြက်သားတုံးကြီးကို ဆွဲပြီး ထွက်လာတာတွေ့တယ်။ အမေကလည်း အဆိုးဆုံးသားသမီးကို အချစ်ဆုံး ဆိုသလိုမို့ ပေးလိုက်တယ်ထင်တယ်။ ကျနော် အရမ်းဒေါသထွက်ပြီး ကိုက်ပစ်လိုက်တာပေါ့။ ဒီကောင်ကလည်း ကြက်သားတုံးကြီး ကိုက်ထားရင်းဆိုတော့ ပြန်မကိုက်နိုင်လိုက်ဘူးလေ။ အဲဒီညကတည်းက ထွက်ပြေးသွားတာ အခုထိကို ပြန်မလာတော့ဘူး။ အမေလည်း အိုလှပါပြီလေ။ သူမသေခင်လေး သူ့သားငယ်နဲ့ တွေ့သားရအောင် ကျနော် လိုက်ရှာနေရတာပေါ့ဗျာ...။

ပြောရင်းဆိုရင်း သတင်းပေးသံတွေ ကြားတယ်။ ဟိုကောင် ပြန်ရောက်နေတယ် ဆိုပါလား။ ကျနော်လည်း ဒီမှာ ငါးခြောက်တစ်ပြား တွေ့ထားတာနဲ့ အတော်ပဲ။ အိမ်မှာ ကောင်းကောင်း ပြန်စားရမယ်။ ဒီတစ်ခါတော့ ကျနော်တို့ မိသားစု သေတဲ့အထိ မခွဲရတော့ဘူးထင်တာပဲ။ ကျနော့်တစ်သက် အကြိမ်ပေါင်းများစွာ ပြေးရင်း အိမ်ပြန်ဖူးတယ်။ အမြန်ဆုံးကတော့ ဒီတစ်ခါပဲ ဖြစ်မှာပဲ။ ကျနော် ပြေးနေတာမှ ဘေးက လမ်းမီးတိုင်တွေ သစ်ပင်တွေတောင် နောက်မှာ ကျန်ခဲ့ကြတယ်။ လေရဲ့ အလျှင်တောင် ကျနော့်လောက် မြန်မယ်မထင်ဘူး။ ငနီလည်း ကျနော့်ကို နားလည်မှာပါ။ ကျနော် ပြေးရင်းပြေးရင်းနဲ့ တုန့်ခနဲ ရပ်လိုက်တယ်။ ဒီကောင်တွေနဲ့ကတော့ ဒုက္ခပါပဲ။ ဟိုဖက် တစ်လမ်းကျော်က ခွေးတွေပေါ့ဗျ။ ခြောက်ကောင်လောက် ရှိမယ်ထင်တာပဲ။ ဒါပေမဲ့ ကျနော်နဲ့ အရွယ်တူနီးနီးရှိတာကတော့ နှစ်ကောင်ပဲပါတယ်။ တစ်ကောင်က ကျနော့် ခွေးမရဲ့ မောင်လေ...။ ပြန်ကိုက်လို့တော့ မဖြစ်ဘူး။ ဒါသူတို့နယ်ပဲ။ နိုင်မှာလည်း မဟုတ်ဘူး။

ကျနော် ပြေးနေတာကလည်း မရောက်နိုင်တော့သလိုပဲ။ မထူးဇာတ်ခင်းတဲ့အနေနဲ့ ကျနော် ခဏရပ်ပြီး ငါးခြောက်ပြားကို ပစ်ချလိုက်တယ်။ တစ်ချိန်က ဒီကောင်တွေ ကျနော့်ကို တုန်နေအောင် ကြောက်ခဲ့ကြရတာပဲဗျ။ ကျနော်က ဒီကောင်တွေကို ငယ်နိုင်ပါ။ ဒါနဲ့ ကျနော် အိုလာပြီ ဆိုတာကို မေ့ပြီး ပြန်ကိုက်တယ်။ မဲမဲ မြင်ရာ လှည့်လှည့် ကိုက်ပစ်လိုက်တယ်။ ဟိုကောင့်ဖက်က ကောင်တွေက ကိန် ကိန် နဲ့ အော်ပြီး ပြေးသွားကြတယ်။ ဒီကောင်ရယ် ကျနော်ရယ်ပဲပေါ့။ ဒီကောင်က ခုန်အုပ်လိုက်တာကို ကျနော် ငုံ့ရှောင်လိုက်တယ်။ သူ့ဂုတ်ကို ကျနော် လှမ်းခဲထားလိုက်တယ်။ သူကလည်း ပြန်ခဲတယ်။ ဒီကောင်တောင် တိုက်ပွဲအတွေ့အကြုံ တော်တော်ရှိလာပြီပဲ။ ကျနော်တို့နှစ်ယောက် လုံးဝ မလွှတ်ကြဘူး။ အဲဒီတော့မှ မြင်တာဗျ။ ဘေးနားမှာ လူတချို့ ၀ိုင်းကြည့်နေကြတယ်။ နောက် လူတစ်ယောက်က တံမြက်စည်း တစ်ချောင်းနဲ့ သိမ်းရိုက်တယ်။ ဟိုကောင် တစ်ချက် ကျနော် တစ်ချက် နှုန်းနဲ့ ရိုက်ခံနေရတယ်။

အမေ ဘယ်မှာလဲ... ကျနော် အိမ်ပြန်ချင်ပြီ။ ညီမရယ်၊ ညီရယ် ကျနော်ရယ် အမေရယ် ငါးခြောက်ပြားကြီး စားကြတယ်။ မျက်လုံးတွေ ပြာလာပြီ။ ကျနော့် ဂုတ်မှာ အရမ်းနာနေပြီ။ လူတွေကလည်း ခွဲလို့မရတော့ စိတ်တိုနေပြီထင်တယ်။ ရေနှစ်ပုံးလည်း ကုန်ပြီလေ။ ကျနော်တို့က ကိုက်နေတာ ခုထိ မလွှတ်သေးဘူး။ ငနီရေ... မင်းထွက်မသွားပါနဲ့တော့ကွာ... ငါမှားပါတယ်။ ကျနော့်သွားတွေ ကျဉ်နေပြီ၊ ဒါ့ထက်ပို ကိုက်ထားနိုင်တော့မယ် မထင်ဘူး။

မျက်လုံးက ဘယ်ဖက်ကို လှမ်းကြည့်လိုက်တော့ အုတ်နီခဲကြီးတစ်လုံး ပျံလာတာကို မြင်လိုက်တယ်။

Labels:

posted by Htoo Myat
2/28/2008

0 comments

ပန်းပွင့်လေး



အပင်အောက်ကို ငုံ့ငုံ့ကြည့်လိုက်တိုင်း ဒီလို ပန်းပန်လာတဲ့ လူတွေတွေ့ရင် တို့ ကိုယ့်ဟာကိုယ် ဂုဏ်ယူမိတယ်။ ဘယ်သူမှ မပန်သေးလို့ အားငယ်ရတာကိုလည်း ခဏတော့မေ့ပါတယ်။ ပန်းတစ်ပွင့်ရဲ့ ဘ၀မှာ အရေးအကြီးဆုံးဟာ အပန်ခံရပြီး လူတစ်ကာက လှလိုက်တာလို့ ချီးမွမ်းကြတာ ခံယူဖို့ပဲလို့ ယူဆတယ်။ အဲဒီ ပန်းတစ်ပွင့်ဟာ တို့ပဲပေါ့။ ဒါပေမဲ့လည်း အရမ်း အခူးဆွတ် ခံချင်လွန်းလို့ လေလာတိုင်းလည်း ခါ၊ ခါ ပြမနေပါဘူး။ ကိုယ်က စက္ကူပန်းမှ မဟုတ်တာပဲနော်။ ဒါပေမဲ့ မြင့်လွန်းတော့လဲ ဒုက္ခက ရောက်ပြန်ရော...။ ခူးချင်ကြသူတွေက မမြင်ကြပြန်ဘူးလေ...။

ငယ်ငယ်တုန်းကတော့ သူများလို ပွင့်ချင်လိုက်ရတာ၊ ကိုယ်က အဖူးပဲ ဖြစ်နေတာကို ၀မ်းလည်းနည်းတယ်။ အခုတော့ အရွယ်ကလည်း ရောက်ပြီ အရောင်လေးလည်း လှနေပြီ၊ ဒီတစ်ခိုင်မှာ တို့က အလှဆုံးလို့တောင် ပြောလို့ရတယ်။ ခက်တာကတော့ ရှိတဲ့ အလှနဲ့ ပန်းတစ်ပွင့် ဖြစ်ရကြိုးနပ်အောင် လုပ်နိုင်ဖို့ပဲ။ အခုဆို အချိန်နှောင်းလို့ ကြွေပဲ ကြွေရတော့မယ် ခူးမဲ့လူတွေက အခုထိကို မတွေ့နိုင်ကြသေးဘူး။ ဟိုတစ်နေ့ကဆို တံချူက ဒီအနားကပဲ ဖြတ်သွားတာ။ အောက်က တစ်ခိုင်တောင် ပါသွားတယ်လေ။ တို့ကတော့ ကံပဲကောင်းလို့လား၊ ကံပဲဆိုးလို့လားတော့ မသိဘူး အခုထိတော့ အခူးမခံရသေးဘူး။

နေထွက်ရင် အရွက်တွေကျွေးတာလေး စားလိုက်၊ ညဖက်ဆို အိပ်လိုက်နဲ့ အချိန်တွေကလည်း သိပ်အကုန်မြန်တယ်။ နွေရာသီကလည်း ဘာလို့ ဒါလောက်တောင် လွမ်းစရာကောင်းနေရလဲ မသိပါဘူးနော်။ တို့ကလည်း ပန်းတစ်ပွင့်ဆိုတော့ ပန်းတွေလို လွယ်လွယ်ဝေပြီး၊ ပန်းတွေလိုပဲ လွယ်လွယ် ကြွေတော့မှာပါပဲလေ။ ပန်းတစ်ပွင့်ဟာ ပန်းတစ်ပွင့်ပဲပေါ့လေ။ တစ်ဖြည်းဖြည်းနဲ့ သစ်ကိုင်းကြီးကလည်း သိပ်ပြီး လက်မခံချင်တော့ဘူး။ ဘာပဲပြောပြော စိတ်ဓါတ်တော့ မကျပါဘူး။ မဟာဆန်တဲ့ ပန်းတစ်ပွင့်ကို ပန်ချင်ကြတဲ့ မဟာဆန်သူတွေ အများကြီး ရှိနေကြမှာပဲ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ ပတ္တမြားပဲဟာ နွံမနစ်ပါဘူးလေ။ ဘာပဲပြောပြော အသက်ရင့်လာတော့လည်း အရင်တုံးကလို ပန်းပွင့် နုနုလေးလို မလှတော့ပေမဲ့ ရင့်ရင့်ကျက်ကျက်နဲ့တော့ လှနေသေးတာပါပဲ။

စိတ်ကလည်း ပြောင်းပြောင်းလာတယ်၊ စောင့်နေရတာလည်း ကြာလှပြီလေ။ အခု ရလာတဲ့ အကြံကတော့ ကိုယ့်ဆီ အလှမ်းမမီရင် ကိုယ်က အလှမ်းမီတဲ့နေရာ သွားရမှာလို့ပေါ့နော်။ တို့ကတော့ ဒီအပင်အိုကြီးဆီကနေ ခုန်ချပစ်လိုက်ချင်ပြီ၊ ဒီလို အပင်အိုကြီးကနေ မွေးဖွားခဲ့ရပါတယ်ဆိုတဲ့ တို့အတိတ်ကိုလည်း ဖျောက်ပစ်လိုက်ချင်ပြီ။ ဒီလို မည်းညစ်နေတဲ့ အပင်အိုကြီးကနေ တို့လို လှလှပပလေးကို ဘယ်လိုများ မွေးခဲ့သလဲမသိဘူး။ ပြောရက်လိုက်ကြတာ။ ငယ်ငယ်က ထင်ခဲ့တဲ့အတိုင်းပဲလေ... တို့ကတော့ ကြွေချိန်ရောက်တောင် တစ်မျိုး လှနေသေးတာပဲ။

လေထဲကို လွှင့်ချလိုက်တော့ ဘာမှလည်း သိပ်မထူးပါဘူး။ ဒီလိုပဲ လေအယူမှာ ဝေ့ကာဝိုက်ကာနဲ့ ငှက်ကလေးများလို ဝေ့၀ဲပြီး ကျလာခဲ့တာပဲ။ တို့ ကျသွားတာကို မြင်တဲ့လူတွေကတော့ ရင်သပ် ရှုမော နေဦးတော့မှာ။ နေစောင်းချိန်မှ ကျသွားတာတော့ နာတယ်။ နေ၀င်တော့မယ်ဆိုတော့ လူတွေ ဘယ်မြင်ကြတော့မလဲလေ။ ဒါပေမဲ့ ကိစ္စတော့ မရှိလှပါဘူး။ ဒီလိုပဲ နောက်နေ့ထိ စောင့်ရမှာပေါ့။ ကတ္တရာလမ်းမပေါ်က သစ်ရွက်ခြောက်စုလေးထဲ ပြုတ်ကျသွားတယ်။ အကျမနာပါဘူး။ ၀မ်းတောင်သာသေး။ ဒီလို စုတ်ပြတ်နေတဲ့ သစ်ရွက်ခြောက်လေးတွေ ကြားထဲမှာ ၀င်နေမှ တို့အလှက ပိုပြီးတော့တောင် ပေါ်လွင်နေမှာပေါ့။ နေ၀င်ပြီဆိုတော့လည်း အချီးကျူးခံရမဲ့ အသံတွေ ကြားရောင်ရင်း အိပ်လိုက်တော့မှပေါ့လေ။

ညဖက်မှာ မောင်းလာတဲ့ ကားတစ်စီးက ပန်းပွင့်လေးကို ဖြတ်ကြိတ်သွားတယ်။ သစ်ရွက်ခြောက်တွေနဲ့ တစ်သားတည်း ဖြစ်သွားလို့ သူလေး မနက်ဖြန် နိုးမလာနိုင်တော့တာကို ကျေးဇူးတင်ရမှာပေါ့။ ဘာပဲပြောပြော ကလေးမလေး တစ်ယောက်ကတော့ ပန်းပွင့်လေးနား လာထိုင်ပြီး အုန်းတံမြက်စည်း ဒုတ်တံလေး တစ်ချောင်းနဲ့ ထိုးထိုးကလော်နေလေရဲ့။

Labels:

posted by Htoo Myat
2/28/2008

0 comments

ဖိနပ်



ကားစီးရတာ ဒါ ဒုတိယအကြိမ် ဖြစ်မယ်ထင်တယ်။ ရာဘာခြံထဲက ထွက်လာတုန်းက တစ်ခါ၊ အခု တစ်ခါပေါ့။ ဘာပဲပြောပြော ကားထဲမှာက ကွင်းထဲမှာ နေပူလှန်းခံရတာထက်တော့ သာသေးတယ်ထင်တာပဲ။ ဒီကောင်နဲ့ ကျနော်နဲ့ တွဲချည်ထားတာ တကယ် စိတ်အိုက်စရာကောင်းတယ်။ တစ်ပုံစံတည်း တူနေတဲ့ ညီအကို ဆိုပြီး ပူးချည်ထားကြတာလေ။ တကယ်တော့ သူ့သဲကြိုးက ပိုကောင်းတယ်ဗျ။ ကျနော့ သဲကြိုးက နဲနဲ ပိုဟောင်းနေသလိုပဲ။ သဲကြိုးထိုးထားတဲ့ နားပေါက်မှာ ဖောက်ထားတာကျတော့ ကျနော်က ပိုသေသပ်တယ်။ ကိုယ့်ဂုဏ် ကိုယ်ဖော်လို့တော့ မထူးပါဘူးဗျာ... အားလုံး ဒီကားထဲ ကျပ်ညပ် သပ်ပြီး စီးနေကြရတာပဲ။
ကျနော့ ဘေးအသားတွေကိုလှီး၊ ကျောမှာ အစင်းတွေဖော်၊ နားပေါက်ဖောက်၊ သဲကြိုးတပ်၊ ဟိုကောင်နဲ့ (အဲဒီ ကျနော်နဲ့ တစ်ပုံစံ ထဲတူတယ်ဆိုတဲ့ကောင်) နှစ်ယောက်ကို အထုပ်ထဲထည့်၊ သားရေကွင်းနဲ့ ပူးချည်ပြီး အခု မြင်တဲ့အတိုင်း စီထားကြတာလေ...။ အဆင့်ဆင့် ထပ်ထားတာနဲ့ ကျပ်ညပ်နေတာနဲ့ ကားထဲမှာကလည်း လေကလုံ၊ လေလုံမှတော့ ပူကလည်း ပူ ဆိုတော့ တော်တော်စိတ်ညစ်ဖို့ ကောင်းတယ်ဗျာ။ ချွေးပြန်တတ်တဲ့ လူ မဟုတ်ပေလို့ပဲ။ လမ်းကလည်း ကြမ်းလိုက်တာမှ အားလုံး စီထားသမျှ နေရာတွေ ပျက်ကုန်ရောလေ။ ကားရပ်လို့ ကုန်တင်ကား တံခါးလည်း ဖွင့်လိုက်ရော ကျုပ်တို့နှစ်ကောင်ရော တခြားကောင်တွေပါ တ၀ုန်းဝုန်းနဲ့ ထွက်ကျကုန်ရောပေါ့ဗျ။ အဲဒီတော့ ပိုက်ဆံအိတ် ပိုက်ထားတဲ့ ဗိုက်ရွှဲရွှဲလူကြီးက အဲဒီ ကားမောင်းတဲ့လူကို နားရင်းအုပ်လိုက်ရော။

ကားစီးရတာ သဘောကျပေမဲ့ အခု စင်ပေါ်တင်ထားတာကို ပိုသဘောကျတယ် ပြောရမယ်ဗျ။ ကျနော်တို့က အောက်ဆုံးဆင့်လေ။ ကားပေါ်တုန်းက ဘေးအစည်းက နှစ်ကောင်ဆို အခု ထိပ်ဆုံးဆင့် အနားကို ရောက်နေတယ်ဆိုပဲ။ သိပ်အထင်ကြီးစရာတော့ မရှိပါဘူးဗျာ...။ ကျနော်တို့ သစ်သားစင်က သုံးဆင့်တည်းပဲဟာ။ ဟို ကျနော်တို့ထက် လေးငါးဆ ပိုကြီးပြီး သဲကြိုးအစား လည်ပင်းရှည်ပါပြီး ပိုလေးတဲ့ ကောင်ကြီးတွေကတော့ ထိပ်က မှန်ဘီရိုထဲမှာလေ...။ ကျနော် ဒီကောင်တွေကိုလည်း နဲနဲလေးမှ အားမကျမိပါဘူး။ ကျနော်က နဲနဲလေး သေးပေမဲ့ သူတို့ထက် ပိုလည်းပေါ့တယ်၊ သူတို့လို အညိုရောင် ခပ်မှိုင်းမှိုင်းလည်း မဟုတ်ဘူး။ ကျနော့မျက်နှာဆိုလည်း အဖြူရောင်၊ ကျောကကျတော့ အပြာရောင်၊ ဟော... အစင်းကြောင်းလေးတွေတောင် ပါသေး၊ သဲကြိုးကလည်း အပြာရောင်လေးလေ...။

လူတွေကို တုံးတယ်လို့ ကျနော်ပြောတော့ အဲဒီ ကျနော်နဲ့ ဆင်တူအကောင်က မင်းထက်တော့ တော်ပါတယ်ကွာတဲ့...။ လူတွေလို လှုပ်မရလို့ပေါ့ဗျ... လှုပ်လို့များရရင် ဒီကောင့်သဲကြိုးကို ကျနော် ဖမ်းဖမ်း ညှစ်တာနဲ့ ဒီကောင်လည်း သေမှာပဲ။ ပြန်ဆက်ရဦးမယ်... ကျနော်က သူများကို ရှုံ့ချရင် အကြောင်းပြချက် မရှိဘဲ မလုပ်တတ်ပါဘူးဗျ။ ကျနော် ပြောချင်တာက... ဒီလူတွေဗျာ၊ ကျနော့်နဲ့ယှဉ်လိုက်ရင် အများကြီးပါးပြီး အများကြီးသေးတဲ့ စက္ကူလေးတွေ လေး၊ ငါးရွက်နဲ့ လဲလိုက်ကြသတဲ့လေ။ ကျနော်ဆိုရင်တော့ ကျနော်ရော ဟိုအကောင်ရောပေါ့ဗျာ။ နှစ်ကောင်လုံး ပူးချည်ထားတာကိုး။

တဖြည်းဖြည်းနဲ့ ကျနော့မျက်နှာ အောက်ပိုင်းမှာ ပါးပါးလာတယ်။ လူကြီး တစ်ယောက်လုံးကို သယ်နေရတာ ဒီလောက်လေးတာဗျာ။ ဟိုကောင်နဲ့ ကျနော်လည်း အရင်လို စကားမပြောနိုင်တော့ စကားနည်း ရန်စဲသပေါ့ဗျာ။ တခါတလေတော့ စကားပြောချင်ပါတယ်။ တခါတလေ အိမ်ပေါက်ဝမှာ ချွတ်ခဲ့ရင် အနားတော့ရတာပေါ့။ ဒါပေမဲ့လည်း ဟောဟဲ လိုက်နေတာနဲ့ စကားတောင် မပြောနိုင်တော့ ကိုယ့်ဟာကိုယ်ပဲ အမောဖြေနေရတာပဲ။ ဗွက်တွေထဲဖြတ်၊ နေပူပူ ကတ္တရာလမ်းပေါ် လျှောက်တာနဲ့၊ နေကပူ၊ မိုးကရွာ၊ တဖြည်းဖြည်းနဲ့ ကျနော့မျက်နှာလည်း အရင်လို ဆွတ်ဆွတ်မဖြူတော့ပါဘူး။ ညိုညစ်ညစ် ဖြစ်လာပြီလေ။ သဲကြိုးကလည်း ခဏခဏ ပြုတ်ပျက်ထွက်နေလို့ စီးတဲ့လူက သူ့အင်္ကျီနဲ့ ထိုးထိုးထည့်ပေးရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူးလေ။ ကျောမှာလည်း ငယ်ငယ်တုန်းကလို လူကိုယ်က ကြွက်သားတွေလို အပြိုင်းပြိုင်းထနေတဲ့ အစင်းကြောင်းတွေလည်း မရှိကြတော့ဘူး။ ဒါတွေ ရှိခဲ့တုန်းကတော့ အဲဒါတွေကြောင့် ဒီလူ ရေညှိတွေထဲ ချော်မလဲခဲ့တာပေါ့။ အင်း... ဘာပဲပြောပြော အရင်လိုလည်း မာနတွေ မရှိတော့ပါဘူးဗျာ။ ကျနော်လည်း အိုလာပြီပဲ။ တခါတလေ အနားယူလိုက်ချင်တဲ့ စိတ်တော့ ပေါ်မိတာပေါ့။ ဒါပေမဲ့လည်း ဘ၀ကိုက အနင်းခံဖို့ ဖြစ်ရတာ ဆိုတော့လည်း ဘာမှ မခံစားရတော့ပါဘူး။

ဟိုးငယ်ငယ်က အပေါင်းအသင်းတွေနဲ့ ကားစီးရတာလေးတွေရော အပေါ်က လူဖိထားရင်းနဲ့ လူအုပ်ကြီးထဲမှာ ညပ်ပြီး ကားစီးခဲ့ရတာတွေထက် ဒီတစ်ခါက ပိုကောင်းတယ်ထင်တာပဲ။ ကားတော့ မဟုတ်ပါဘူး။ ကားစီးရသလို ညိမ့်ညိမ့်လေးပေါ့။ ကျနော်လိမ့်ကျခဲ့တဲ့ မြောင်းပေါက်က တဖြေးဖြေး ဝေးသွားပြီ။ မှောင်လာတာကို နည်းနည်းတော့ ကြောက်မိသလိုပဲ။ ကြာလာတော့ ငါ ဘယ်အထိ မြောပါသွားမလဲဆိုတာ စတွေးကြည့်လာမိတယ်။ ဘယ်ပဲ ရောက်ရောက်ပါ။ နောက်ဆို အရင်ကလို အနင်းခံရမှာ မဟုတ်တော့ ပါဘူးလေ...။ အဲဒါတွေးပြီးတော့လည်း ၀မ်းသာရင်း... ဘယ်မြောနေမှန်း မသိလို့ စိတ်ပျက်ရင်းနဲ့ပဲ တော်တော် ဝေးဝေး ရောက်လာတာ သတိထားမိတယ်။ မထူးတော့ပါဘူးလေ... ကျနော်ဘ၀ကလည်း လှုပ်လို့မှမရတာ၊ ဘာလုပ်နိုင်မှာလဲ၊ ဒီလိုပဲ မြှောလိုက်သွားရတာပေါ့ဗျ။

ဒီနေရာမှာ လူဆိုရင်တော့ မှောင်နေတဲ့နေရာကနေ အလင်းထဲတန်းထွက်ရင် မျက်စိကျိန်းမှာပဲ။ ကျနော်ကတော့ ကျိန်းစရာမျက်စိလဲမရှိတော့ မကျိန်းဘူးပေါ့ဗျာ။ အစကတော့ အမှိုက်တွေနဲ့ပဲ ၀င်ဝင်ဆောင့်တာပဲ။ အခုတော့ ကျောက်တွေနဲ့ ၀င်ဝင်ဆောင့်တယ်။ အမှောင်ထဲ မြောရတာထက် စာရင်တော့ အလင်းထဲမြောရတာ ပိုကောင်းမှာပဲလို့ ကျနော် တွေးမိတယ်။ ဘာပဲပြောပြော အားလုံးကတော့ မြောနေကြရတာပါပဲလေ...။ ရေထဲမြောရတာဟာ အရင်ကလို လူရဲ့ အနင်းခံဘ၀ထက်တော့ ပိုကောင်းတယ်၊ ကောင်းတယ်လို့လဲ ကျနော် မြင်တယ်။

ဝမ်းသာမှုဟာ ကြာရှည်တော့ မခံပါဘူးဗျာ။ ကျနော်မြောနေတာ တုန့်ခနဲဖြစ်သွားတယ်။ သဲကြိုးကြားကို တုတ်တစ်ချောင်းနဲ့ ကလန့်ထားတာကိုးဗျ။ ကျနော် ဆွဲတင်ခံလိုက်ရတယ်။ ငါတော့ အနင်းခံရပြန်ပြီဆိုတဲ့ အသိက ကျနော့်ကို ဖိစီးနှိုပ်စက်တယ်။ ဒါပေမဲ့ ကံအားလျော်စွာပဲ... အဲဒီလူက ကျနော့်ကို မစီးပါဘူး။ သူ့ ဆာလာအိတ်ထဲ ပစ်ထည့်လိုက်တယ်။ အိတ်ထဲမှာတော့ အမှိုက်တွေပဲ ရှိတယ်။ ဒီလို အထီးကျန်တဲ့ အချိန်မှာတော့ ကျနော့်အဖော် ဟိုအကောင်ကို နဲနဲပါးပါးလေးတော့ သတိရမိသား။ ဒီကောင်ကတော့ အရင်လို အစီးခံနေရဦးမှာပဲထင်တယ်။

ပူတာကလွဲရင် ကျနော် ဘာမှမသိတော့ဘူး။ ကျနော့ တစ်ကိုယ်လုံး နေပူထဲ ကတ္တရာလမ်းမှာ လူအနင်းခံရတုန်းကလို ပူနေတယ်။ တန်းလန်းဆွဲခံထားရတော့ ရုန်းလဲ မရုန်းနိုင်ဘူးလေ။ ကျနော် လှုပ်ရှားလို့ မရဘူးဆိုတာ ကျနော် မေ့ထားလိုက်ချင်တယ်။ ဒါပေမဲ့ အဖြစ်မှန်က အဖြစ်မှန်ပါပဲလေ။ အရည်ကျိုတယ်ဆိုတဲ့ စကားကိုလည်း ကျနော် မသိချင်တော့ဘူး။ သိဖို့လည်း မလိုအပ်တော့ဘူးလေ။ ဒီလောက်ပူပြင်းတဲ့ အရည်ထဲ ပြုတ်ကျသွားရင်တော့ ကျနော် ဘယ်တော့မှ ပြန်တက်လာနိုင်တော့မယ် လို့ မသေချာနိုင်တော့ဘူး။ ကျနော် ပြန်တက်လာဖို့လည်း မကျိုးစားချင်တော့ဘူးဗျာ။ တဖြည်းဖြည်း ကျဖို့တော့ နီးလာပြီ။ အရှေ့က သားရေပြားလေးတောင် ပြုတ်ကျသွားပြီ။ ပေါလော ပေါလောတော့ ပေါ်မနေပဲ မြုပ်သွားမှ အေးမှာပါပဲ။ ကျနော် မရှုတဲ့အသက်ကို အောင့်ထားလိုက်တယ်...။


ဝတ္ထု ရာဇ၀င်... (ဖော်ပြခြင်း ခံခဲ့ရသော စာအုပ်များ)
  • ဖွဲ့တည်ရာ... စာပေ အနုပညာ (သုတ၊ ရသ) မဂ္ဂဇင်း (Volume 1, Issue 2, April. 2008)

Labels:

posted by Htoo Myat
2/28/2008

0 comments