<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

ငါ့ပုလင်းနဲ့ ငါ့အိမ်အပြန်

April 28, 2008




ဝက်တစ်ကောင်နဲ့ နပမ်းလုံးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ များသောအားဖြင့် ကတော့ အဲဒီဝက် ရှိနေတဲ့ ဗွက်အိုင်ထဲကို မဆင်းချင်ခဲ့တာနဲ့ ငါချည်း ရှုံးတာပါပဲ။ အခွင့်အရေး မယူတတ်တဲ့ ပုလင်း တစ်လုံးက အနားမှာ လာအိပ်နေတယ်။ မှန်ဘီလူး ထူထူနဲ့ မျက်မှန်ကို ပုလင်းဖင်ကို ကိုင်း(ဂိုင်း) တပ်ထားတာလို့ ပြောကြတယ်။ တကယ်တော့ မျက်မှန်ဟာ လူလိမ္မာအတွက်ဖြစ်ခဲ့ပြီး ပုလင်းဟာ ငါ့အတွက်ဖြစ်ခဲ့တယ်။

လူလိမ္မာတွေအကြောင်း တွေးမှ အိမ်ကို သတိရလာတယ်။ လူလိမ္မာတွေရဲ့ လျှာဟာ ငါ့လျှာထက် ပိုရှည်တယ်။ အိမ်ဟာ ငါ့ထက်ပိုမြင့်တယ်။ လမ်းဟာ ငါ့ထက်ပို မဲနက်နေတယ်။ အရာရာဟာ ငါ့ထက် သာတာပါပဲလားလို့ သတိထားမိသွားတော့ ခုဏက ၀က်အသံကိုတောင် ပြန်ကြားမိသလိုပဲ။ သူတောင် ငါ့ထက် ဗွက်အိုင်ထဲ ဆင်းရဲသေးတယ်။ ကတ္တရာ လမ်းကြီးက ပြားပြားကြီး လှဲအိပ် နေတယ်။ ပြားပြားကြီး လှဲလှဲအိပ်တိုင်း သူများ နင်းတာကို ခံရတတ်သလား။ ငါလည်း မတ်မတ် ရပ်နေရင်းနဲ့ လူနင်းခံနေရတာပဲ။ အိမ်အပြန်လမ်းဟာ ငါ့ဘ၀လမ်း ထက်တော့ ပိုရှည်မယ် ထင်မိတယ်။

ဖြောင့်ဖြောင့် ဖောက်ထားတဲ့ လမ်းကို ဟိုယိမ်း သည်ယိုင်နဲ့ လျှောက်ရတာ သိပ်ပျော်ဖို့ ကောင်းတယ်။ ကောက်ကွေ့တဲ့ လောကကြီးက ငါ့ကို ကွေ့ကောက်စွာ လျှောက်တတ်အောင် သင်ပေးခဲ့တယ်။ ဖြောင့်မတ်တဲ့ စာပေက ငါ့ကို အရှုံးဆီ တန်းတန်းမတ်မတ် ၀င်တိုးတတ်အောင် သင်ပေးခဲ့တယ်။ ငါ့အဖေ ထားခဲ့တဲ့ စာအုပ်စင်က ငါဝယ်စုခဲ့တဲ့ စာအုပ်တွေကို စိတ်ပေါက်ပေါက် ရှိတဲ့ ညနေခင်း တစ်ခုမှာ ပိဿာချိန်နဲ့ ရောင်းပြီး အရက် သောက်ပစ်လိုက်တယ်။ နောက်ဆုံးတော့ စာအုပ်စာပေ ကုလားမိတ်ဆွေပဲ ဖြစ်သွားတော့တာပေါ့။

စာအုပ်စာပေက ကုလားမိတ်ဆွေ ဖြစ်သွားတဲ့ ညနေခင်းလေးမှာ ငါ အခု ပုလင်း ဖက်လျက်သားနဲ့ ရှိနေတယ်။ ပုလင်း ဖက်ပြီး လမ်းလျှောက်ရတာဟာ ငါ့မိန်းမကို ဖက်ပြီး လမ်းလျှောက်ရတာထက် ပိုကောင်းတယ်။ ပုလင်းက ငါ့ကို ပါးမရိုက်တတ်ဘူးလေ... လက်သရမ်းတဲ့ ငါ့နှလုံးသားကြောင့် ပြန်ပြီး ပေးဆပ်ရတာတွေဟာ မနည်းပါလား လို့ တွေးမိတော့ မိုးက မှောင်လာပြီ။ လင်းလာတဲ့ လမ်းမီးတွေကြောင့် ဓါတ်တိုင်ကို မြင်ရတော့ ၀င်မတိုက် မိတဲ့အတွက် လမ်းမီးချောင်းကို ကျေးဇူးတင်မိသေးတယ်။

တိုက်ခါနီးလေး ဖြစ်တော့ ကားသမားက ငါ့ကို ဆဲသွားသေးတယ်။ ဒီကောင် အလကား စောက်ပေါပါကွာ... ငါ့လို လမ်းအပြည့် လှည့်ပတ်လျှောက်ရတဲ့ အရသာကို မခံစားဖူးလို့ပါ။ တော်တော်မူးလာတော့ တွေ့မိတဲ့ ဗွက်အိုင် တစ်ခုထဲမှာ မျက်နှာနှစ်ထားလိုက်တယ်။ လူက မှောက်လျက်ကြီးပေါ့။ ဗွက်အိုင်ထဲ မဆင်းရဲသေးတဲ့ အချိန်အထိကို မမူးသေးဘူးလို့ ပြောလို့ရတယ်။ အခု မျက်နှာနှစ်ရဲပြီိဆိုတော့ ငါ မူးတာ သေချာပြီပေါ့။ ဒါပေမဲ့ ၀မ်းနည်းစရာ ကောင်းတာကတော့ အဲဒီဝက်ကို လိုက်ဖမ်းဖို့ ငါ လက်မမြဲတော့ဘူး။

ငါ့ခေါင်းထဲမှာ ၀က်တွေ ခြံစည်းရိုးကို ခုန်ကျော်နေကြရင်းပဲ ငါ အိပ်ပျော်သွားတယ်။ နိုးလာတော့ မျက်လုံးရှေ့မှာ ၀က်တွေက ပျံနေတယ်။ ပျံနေတဲ့ ၀က်တွေကို လိုက်ဖမ်းဖို့ နဲနဲ ထပ်သောက်မှ လိုလိမ့်မယ် ထင်ပေမဲ့ မနေ့ညက ပုလင်းရော၊ ငါ့ပိုက်ဆံအိတ်ရော မရှိတော့တာ သတိထားမိတယ်။ ဒါပေမဲ့ ငါ့အဖေ ထားခဲ့တဲ့ စာအုပ်တွေ အများကြီး ကျန်ပါသေးတယ်လေ...

posted by Htoo Myat
4/28/2008

0 comments