<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

စည်းကမ်း ဖောက်တဲ့လူ

March 18, 2009



ငယ်ငယ်တုန်းက အဖိုးနဲ့ အတူ စမ်းချောင်းလေးမှာ လှေလွှတ်ခဲ့ ကြတာကို သတိရမိတယ်။ လှေလေးကို လွှတ်လိုက်တော့ လေမတိုက်ပေမဲ့ မြန်မြန်ပဲ စီးဆင်းသွားတယ်။ အဲလိုနဲ့ ထုံးစံအတိုင်း ခြေထောက်ကို ရေမှာ နှစ်ပြီး ကျောက်စရစ်ခဲ တွေကို ဖွလိုက်တော့ သဲလုံးတွေ တက်လာပြီး ရေလည်း နောက်သွားတယ်။ အဖိုးက စက္ကူလှေလေးကို လှမ်းကြည့်နေရင်း... "ဖိုးဖိုးငယ်ငယ်ကဆို ခဏခဏ လှေစီးဖူးတယ်ကွ။ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပျော်ဖို့တော့ ကောင်းတယ်။ ဒါပေမဲ့ လူဆိုတာ ကမ်းပေါ်မှာပဲ နေဖို့ သတ်မှတ်ထားတဲ့ သတ္တ၀ါပဲ ငါ့မြေးရ... လူဖြစ်ရဲ့သားနဲ့ စည်းကမ်းဖောက်ပြီး လေထဲပျံဖို့ ကြိုးစားရင်၊ ဒါမှမဟုတ် ရေထဲသွားဖို့ ကြိုးစားရင် ဒုက္ခ ရောက်တတ်တယ်..." လို့ လှမ်းပြောခဲ့ဖူးတယ်။

အဖိုးပြောခဲ့ဖူးတာ သတိရပြီး နည်းနည်းလေး ပြုံးချင်မိတာ နှုတ်ခမ်းက ကွဲနေတဲ့ နေရာတွေ စပ်တော့ အသိထဲ ရေငတ်တာက ပြန်ဝင်လာပြန်တယ်။ အစကတည်းက မချိပြုံးဆိုတော့ တစ်ဝက်နဲ့ အပြုံးရပ်သွားတာ ကိစ္စတော့ သိပ်မရှိပါဘူးလေ။ ဒါပေမဲ့ ရေငတ်နေတာကို မေ့ထားဦးမှပဲ။ ခေါင်းပေါ်ကို နေရောင်ချည်တွေက ရေနွေးပူ ဖွင့်ထားတဲ့ ရေပန်းအောက်ထဲ ၀င်နေရသလို တရွှီရွှီနဲ့ ဖွာပြီး ခေါင်းပေါ်ကျနေတယ်။

နှုတ်ခမ်း ကွဲတဲ့နေရာကို လျှာနဲ့ လျက်လိုက်တော့ လျှာကလည်း ခြောက်နေတယ်။ အာမထိ ရှာမထိ ဖြစ်တယ် ဆိုတာ အဲလိုကြီးလားတော့ မသိဘူး။ ပါးစပ်ထဲမှာ လျှာဟာ ရှိလို့ ရှိနေမှန်းတောင် မသိရလောက်အောင်ပဲ ခြောက်သယောင်း နေလေရဲ့။ ဟေမာနဲ့ အတူတူ သောက်ခဲ့ကြတဲ့ ချောကလက်ရည်ကို ပြန်သတိရတယ်။ အဲဒီတုန်းကဆို အရည်ထက်စာရင် အမြှုပ်တွေချည်း များနေပြီး သောက်လို့လည်း မဝတဲ့အပြင် ဈေးကလည်း ကြီးသေးတော့ ဆိုင်ကိုတောင် စောဒက တက်ချင်မိခဲ့သေးတယ်။ ဒါပေမဲ့ အခုနေသာ အဲဒီတုန်းက ဈေးထက် ငါးဆနဲ့ လာရောင်း ရင်တောင် ၀ယ်သောက်မိမယ် ထင်တယ်။ ဒါပေမဲ့ ပိုက်ဆံတွေလည်း ပျောက်ကုန်ပြီ ထင်ပါတယ်။ ပိုက်ဆံတွေ အိတ်ကပ်ထဲ ရှိသေးတယ် ဆိုရင်တောင် လက်မလွှတ်ရဲတာနဲ့ သောက်ရတော့မယ် မထင်ပါဘူး။

ဟေမာ့ကို သွားခိုးတဲ့ ညတုန်းကလည်း ဒီလို အကြီးအကျယ် ရေငတ်သလို ခံစားဖူးတယ်။ အဲဒီတုန်းကတော့ စိတ်နဲ့ ဆိုင်မယ်ထင်တယ်။ ညတွင်းချင်း ရဲဇော်တို့ရဲ့ သန်လျင်က အိမ်ကို မောင်းတာ သိပ်မဝေးပေမဲ့ နောက်က သိပြီး လိုက်လာမှာစိုးလို့ တစ်လမ်းလုံး စိတ်တွေပူပြီး အာခေါင်တွေ ခြောက်ကပ်ကပ် ဖြစ်နေခဲ့ဖူးလေရဲ့။ ဟေမာကတော့ ပခုံးကို မှီထားတယ်။ သူလည်း ရေငတ်နေခဲ့မယ် ထင်ပါရဲ့လေ။ လေးရက်ကြာမှ ဟေမာ့ကို ပြန်အပ်ဖို့ ပြန်လာရင်း အဖေတို့ အမေတို့နဲ့ အဖိုးကို ပြန်ကတော့တယ်။

ပညာရေး ဆုံးခန်းမတိုင်ခင်မှာ ဆိုတော့ အဖေကလည်း မျက်နှာ ခပ်တင်းတင်းနဲ့ပေါ့။ အမေကလည်း ပုဝါနဲ့ မျက်လုံးကို ဟိုတို့ သည်တို့နဲ့... အဖိုးကတော့ ထုံးစံအတိုင်း ပြေရာပြေကြောင်းပဲ... "အေး... ငါ့မြေး... မင်း ငယ်ငယ်လေးတုန်းက မတ်တပ်ရပ်ပြီး လမ်းလျှောက် ကျင့်သလိုမျိုးပေါ့ကွာ... အဲဒီတုန်းကလည်း မင်းကို အဲလို လမ်းထလျှောက်ဖို့ ဘယ်သူကမှ ပြောခဲ့ကြတာ မဟုတ်ဘူး။ မင်းဟာမင်း အလိုလို သိခဲ့တာပါပဲ။ အခုလည်း မင်းဘ၀နဲ့ မင်း ရပ်တည်သင့်တဲ့ အချိန်ဆိုတာ ကိုယ့်ဟာကိုယ် သိလို့ အဲလို လုပ်တာလို့ ဖိုးဖိုး ယူဆတယ်ကွာ" လို့ ပြောခဲ့တယ်။ အဲဒီတုန်းကတော့ ရေငတ်သလို မဟုတ်ပဲ ရင်ထဲ ပူလာသလို ခံစားမိလိုက်တယ်။ တကယ်တော့ အဖိုး ပြောခဲ့သလို သူများ ပြောတာမဟုတ်ပဲ ကိုယ့်ဟာကိုယ် ရင်ထဲက သိလို့ လုပ်တာကပဲ မှန်တယ် ထင်တာပါပဲ။

ရင်ပူတဲ့ အကြောင်းကို အတွေးက ရောက်သွားတော့ ပူနေတဲ့ ရင်ဟာ ပိုပို ပူလာပြန်တယ်။ တခါတလေတော့ ရင်ဟာ အထဲက ပူတာလား အပြင်က ပူတာလား ဆိုတာကို မတွေးမိတော့ဘူး။ အပြင် ကလည်း ပူ၊ အတွင်း ကလည်း ပူပေါ့။ ကြေးအိုးထဲမှာ ထည့်ပြုတ်ထားတဲ့ ဝက်သားဖတ် လိုပဲ ခံစားရမယ် ထင်မိတယ်။ ဗိုက်က ဆာတော့ အစားအသောက်တွေ သတိရပြန်တယ်။ ဟေမာက အပျိုတုန်းကတည်းက ကြေးအိုး အရမ်း ကြိုက်တယ် ဆိုတော့ အိမ်ထောင်ကျပြီး စားချင်တော့ မတားရက်ပြန်ဘူး။ ဈေးကလည်း တက်တက်လာတော့ တခါတလေတော့ မသထာတာ မဟုတ်ပေမဲ့ စိတ်ထဲ တစ်မျိုးဖြစ်မိတာတော့ အမှန်ပဲ။

နောက်ဆုံး ဘယ်လိုမှ အဆင်မပြေပဲ အလုပ်လည်း မရ၊ ပညာရေးလည်း ရှေ့မဆက်နိုင်၊ ပစ္စည်းလေးလည်း ကုန် ဖြစ်လာတဲ့ အခါမှာတော့ သီတင်းကျွတ် ယောက္ခမကြီးတို့ဆီ ဘီစကစ် မုန့်ပုံးလေးနဲ့ အသွားမှာ ခေါင်းချင်း ရိုက်ကြတယ်။ ဒီလိုနဲ့ ရွှေသမက်အတွက် တစ်သက်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကြီး ပေါ်ထွက်လာခဲ့တယ်။ တကယ်တော့ ယောက္ခမတွေ ပြန်ပေးလိုက်တာတွေ၊ စီစဉ်နေကြတာတွေနဲ့ဟာ ကျနော်တို့ ကန်တော့တဲ့ မုန့်ပုံးလေးခမျာ ဘာမှ ထူးထူးခြားခြား အရေးမပါခဲ့ပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြား အဲဒီနေ့က စားခဲ့ရတဲ့ ၀က်သားဟင်းကို သတိရလိုက်တာ။ တကယ်တော့ သောက်ခဲ့ရတဲ့ ဘူးသီးဟင်းခါး လေးကို ပိုတောင် သတိရသေးတယ်... ဗိုက်ဆာနေလို့လားတော့ မသိဘူး။

ဘူးသီးဟင်းခါး မသောက်ရသေးခင် ပခက်လွှဲသလို ဖြစ်လာပြန်ပြီ။ နောက်တစ်ခါ ထပ်အန်ဖို့ ကျန်သေးတယ် ဆိုရင်တော့ ကိုယ်ဟာကိုယ် တော်တော်လေး ချီးကျူးရမယ်။ ဒီတစ်ခါကတော့ ဗိုက်ဆာလို့ မူးတာပဲ ဖြစ်ပါလိမ့်မယ်။ ရေငတ်ရင် ခေါင်းမူးတတ်သလား ဆိုတာတော့ ရေကတော့ အခု တစ်ခါက လွဲရင် အရင်က တစ်ခါမှ မငတ်ဖူးတော့ မသိဘူး။ နှုတ်ခမ်းက ကွဲနေတာတွေ စပ်နေတုန်းမို့ ကိုယ်ကို နည်းနည်းလေး ရို့ပြီး ပါးစပ်နဲ့ ရေနဲ့ ထိအောင် တို့လိုက်တော့မှ အကျောပေါင်း တစ်ထောင် စိမ့်သွားတယ် ဆိုရမယ်။ ဒါဏ်ရာကို ဆားပက်ရင် ဘယ့်နှယ့်နေမယ် ဆိုတာ လက်တွေ့ သိရသလိုပဲ။

မှတ်မှတ်ရရ ယောက္ခမကြီးက သဘောင်္တက်ဖို့ ကိစ္စ ပြောထားပြီး နောက်နေ့ပဲ ကျောင်းတုန်းက သူငယ်ချင်းတွေ ပြန်တွေ့ကြတယ်။ ကျော်ဇောက ဆေးခန်းထိုင်ရဦးမှာမို့ စောစောပြန်သွားတယ်၊ ဟိုကောင် အာပြဲ နေထက်ကတော့ စတူဒီယို သွားရဦးမယ်ဆိုပြီး ပြန်သွားပြန်ရော ကျန်တဲ့ ကောင်တွေက ဆက်ထိုင်နေကြပြီး ဝိုင်းသိမ်းမှ တစ်ယောက်တစ်လှည့် သူရှင်းမယ် ငါရှင်းမယ် ဖြစ်ကြလေရဲ့။ နောက်ဆုံး အရှည်ကြီး ထွန်းပိုင်က ထောင်တန် အထုပ်ကြီးကို ဘုတ် ခနဲ စားပွဲလယ် ပစ်ချလိုက်မှ ငြိမ်သွားတော့တယ်။ ဒီကောင်တွေကို အားကျမိတယ်။ အဲဒါဟာလည်း အဖိုးပြောတဲ့ စည်းကမ်းကို ဖောက်မိဖို့ အားပေးခဲ့တယ် ထင်ပါတယ်။ ဘာပဲပြောပြော သူငယ်ချင်းတွေ အလယ်မှာ ခေါင်းလေး ထောင်ချင်သေးတာကိုး။ ကိုယ့်ဟာကိုယ် စိတ်ထဲမှာ ပါလာလို့ မဟုတ်ပဲ သူများအားပေးတဲ့ ကိစ္စကို လုပ်ရမှာဆိုတော့ စိတ်ထဲမှာ သိပ်တော့ အားမရလှပါဘူး။

အဲဒီတုန်းက အခေါက်ကင် နောက်ဆုံးပွဲမှာ အဖတ် နည်းနည်း ကျန်တာကို ပိုက်ဆံရှင်းပြီး ဒီအတိုင်းပဲ ချန်ထားခဲ့မိတယ်။ အခုမှ နှမြော နေပြန်တယ်။ အခေါက်ကင်လေးနဲ့ အခုနေသာ ထမင်းစား၊ ပြီးရင် ဆေးလိပ်လေး သောက်ပြီး ပက်လက် ကုလားထိုင်မှာ မှိန်းလိုက်ရရင်။ အင်း... ဆေးလိပ် မသောက်ရ တာတောင် အတော်ကြာ နေပြီလိုပဲ။ အခုတော့ ကျန်သေးရင်တောင် ရေစိုကုန်ရောပေါ့။ အင်း... အိတ်ထဲမှာ ကျန်တော့ မကျန်တော့ပါဘူး။ ဒီမနက်က ဟို အင်ဒိုကောင် တောင်းလို့ လက်ကျန် ဆေးလိပ်လေး ပေးလိုက်မိတယ် ထင်တယ်။

မျက်လုံးထဲမှာတော့ ဆေးလိပ်ငွေ့တွေ ပျံဝဲနေတာကို မြင်နေရတယ်။ အဲလိုနဲ့ ဆေးလိပ်ရှိုက်ပြီး မှုတ်ထုတ်လိုက် သလို နှုတ်ခမ်းက ဟန်ပါပါနဲ့ ဖြစ်လာတယ်။ အခုမှ နည်းနည်းလေး စိတ်ထဲ သက်သာသွားတယ်။ ဒါနဲ့... ဆေးလိပ် မီးခိုးကို မြင်သလိုပဲ တံလျှပ်တစ်ခုကို မြင်နေတာလား။ ဘာလေးပါလိမ့်။ မဲမဲ မဲမဲလေးတစ်ခု နီးနီး လာတယ်။ အဲဒါနဲ့ သေချာ ဂရုစိုက် ကြည့်မိတယ်။

ဘ၀မှာ ဒီလောက် လှတဲ့ စက်လှေလေး တစ်ခါမှ မတွေ့ဖူးသလိုပဲ။ လက်တစ်ဖက်ကို သတိ အကြီးအကျယ် ထားပြီး ရမ်းရမ်း လှုပ်နေရင်းနဲ့ကို အော်ဟစ်မိတယ်။ ရမ်းသာ ရမ်းနေတာ လက်ကို နည်းနည်းလေး ထောင်ထားဖို့ပဲ တတ်နိုင်ပါတော့တယ်။ ရမ်းတာက လက်က လှုပ်ရော လှုပ်ရဲ့လားလည်း မသိတော့ပါဘူး။ အော်နေတာကလည်း အသံက ဝင်နေသလားမသိဘူး... အက်အက်ကြီးပဲ ထွက်တယ်။ အင်္ဂလိပ်လိုတွေရော၊ မြန်မာလိုတွေ့ရော စုံနေတာပဲ။ ဒါပေမဲ့ ကိုယ့်ဟာကိုယ်တောင် ဘာအော်လို့ အော်နေမိမှန်းမသိဘူး။ ကယ်ကြပါလို့ အော်နေမိမှာပေါ့။ ဖြစ်နိုင်တာကတော့ ဖိုးဖိုးရေလို့ အော်ခေါ်နေ မိတာလည်း ဖြစ်နိုင်တယ်။ စက္ကူလှေလေးကို ပြန်သတိရတယ်။ ဟေမာရေ လို့တော့ မအော်ဖြစ်လောက်ဘူး။

အခုလို ဖြစ်နေတာဆို ဖိုးဖိုးသာမြင်ရင် ဘာများပြောလေမလဲ လို့ စဉ်းစားဖို့ အချိန်မရှိတဲ့ ကြားက ခေါင်းထဲ ၀င်လာမိသေးရဲ့။ အခုမှ နောင်တရလို့ မထူးဘူး ငါ့မြေးလို့ပဲ ပြောမှာ ဖြစ်ဖို့များပါတယ်။ အဲလိုနဲ့ ပြုံးဖျဲဖျဲနဲ့ ထပ်အော်မိပြန်တယ်။

လှေက ကျနော့်နဲ့ တဖြည်းဖြည်း နီးလာသလိုပဲ စက်သံတွေ ကြားကြားနေရတယ်။ ဆေးလိပ် သောက်ချင်တဲ့ အချိန်မှာ ဆေးလိပ် မီးခိုးလုံးတွေ မြင်လာရ သလိုပဲ ကျနော်က စက်လှေလေးကို အနားလာစေချင်လို့ နားထဲမှာ ပိုပို နီးလာသလို ခံစားနေရလားတော့ မသိဘူး။ စိတ်ပျော်လွန်းပြီး လက်နှစ်ဖက်လုံးကို လွှတ်ပြီး အော်ဟစ်မိတယ်။ အဲဒီအခါမှာပဲ ဇွပ်ကနဲ့ အောက်ကို ပါသွားပြီး နှာခေါင်းထဲ ရေတွေ စုပြုံဝင်လာတယ်။ အော်ရင်း အော်ရင်းနဲ့ ဆိုတော့ ပါးစပ်ကလည်း ရေထဲကို ရောက်သွားရင် ဂလု ဂလုနဲ့ ရေတွေ စုပြုံဝင်တယ်၊ ရေနဲ့ လေ အစပ်ရောက်ရင် ဖလူး ဖလူးနဲ့ ထွက်လာပြီး ရေပေါ်ရောက်မှ ဘာမှန်းမသိတဲ့ အသံက ထွက်ထွက် လာတယ်။ ကြိုးစားပမ်းစား လက်ကို ရမ်းမှ တိုင်ကီကို ပြန်ကိုင်မိတယ်။ ရေငန်တွေက သိပ်မွှန်တာပဲ။

ဒီလိုနဲ့ သမုဒ္ဒရာ ရေပြင် အစပ်နားနဲ့ နေလုံးအောက်ခြေဟာ မိုးကုပ်စက်ဝိုင်း တစ်ဖက်အစွန်းကို ထိတော့မယ်။ ဘေးကုပ်စက်ဝိုင်းပေါ်အထိ ချီလာခံရတဲ့ ဘောလုံး တစ်လုံးလို ဂိုးထဲ ၀င်တော့မဲ့ စိတ်ခံစားမှုနဲ့ ပျော်ပျော်ကြီး အော်ဟစ်နေ ရင်းနဲ့ပဲ စက်လှေလေးက ဝေး၊ ဝေးသွားတယ်။ အခုတော့ တိုင်တန်းနစ် ဇာတ်ကားထဲက မင်းသားလေးလို ကျနော် သမုဒ္ဒရာ ကြမ်းပြင်ကို ဖြည်းဖြည်းလေး ပြုတ်ကျသွားမှာကို စောင့်ကြည့်မဲ့လူ မရှိပါဘူး။ ဇနက္က မင်းသား မဟုတ်တဲ့အတွက် မဏိမေခလာလည်း မရှိပါဘူး။ မျှော်လင့်ချက် မဲ့လည်း စိတ်က ဆောင်နေတော့ ကျနော် ဒီတိုင်ကီလေးကို ဆက်ပြီး ဖက်တွယ်ထားရမှာပါပဲ။

ဆာနေတဲ့ ဗိုက်နဲ့ ခြောက်နေတဲ့ နှုတ်ခမ်းဟာလည်း ထုံးစံအတိုင်း မဆုံးနိုင်တော့တဲ့ အတွေးတွေထဲမှာ နစ်မြုပ်သွားပြန်တယ်။ ဒီလိုနဲ့ နေက တဖြည်းဖြည်း ၀င်လာသလို တိုင်ကီပုံးလေးကိုလည်း တအိအိနဲ့ လှိုင်းလုံးတွေက ချော့သိပ် နေကြလေရဲ့။

Labels:

posted by Htoo Myat
3/18/2009

0 comments