<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

အဖေနဲ့တွေ့တဲ့ ညနေ

May 20, 2008




ကျနော် စာမေးပွဲအောင်တာ အဖေ့ကို လာပြောပြတာပါ အဖေ။ အဖေကတော့ ထုံးစံအတိုင်း ကျနော့် အောင်မြင်မှု (အဖေကတော့ ဒီလောက်ကလေးကို အောင်မြင်မှုလို့ ယူဆမယ်မထင်ဘူး) ကို အသိအမှတ် မပြုသလိုမျိုး မျက်နှာ ခပ်တည်တည်နဲ့ ဒီအတိုင်းပဲ ကြည့်နေလိမ့်မယ် ထင်တယ်။ ဒါပေမဲ့ အဖေ ၀မ်းသာမယ်လို့တော့ ထင်ပါတယ်။ အနည်းဆုံးတော့ မင်းလို စောက်သုံးမကျတဲ့ကောင်က ဘယ်တော့မှ စာမေးပွဲ အောင်မှာလည်း မဟုတ်ပါဘူးကွာ... လို့ ခဏခဏ ပြောစရာ မလိုတော့ဘူးပေါ့လေ...

အမေလည်း အဖေ့ကို သတိရပါတယ်လို့ ပြောခိုင်းလိုက်တယ်။ အန်တီသန်းကတော့ ဘာမှမပြောလိုက်ပါဘူး။ ဒါပေမဲ့ ဒီပန်းတွေက သူပဲ ပေးလိုက်တာပါ။ ကျနော်ကတော့ စာမေးပွဲအောင်တဲ့ သတင်းအပြင် တခြားတော့ ဘာမှ ပါမလာခဲ့ဘူးဗျာ...

ကျနော် စာမေးပွဲအောင်တော့ အမေ ငိုတယ်။ အဒေါ်တွေလည်း ၀မ်းသာကြတယ်။ တက္ကသိုလ် ဆက်တက်ဖို့ လုပ်ရပြန်ဦးမယ်တဲ့။ အမေက နင့်အဖေသာဆို နင့်ကို စင်္ကာပူထိ ပို့ပြီး ကျောင်းတက်ခိုင်းမှာလို့ ပြောပြီး ငိုတယ်။ ကျနော်ကတော့ အဖေ ကျနော့်ကို အဲလောက် မျှော်လင့်ထားမယ်လို့ မထင်ပါဘူး။ အဖေ့ မျက်လုံးတွေ ထဲမှာ ကျနော်ဟာ ဘယ်သောအခါကမှ အသုံးကျတဲ့ သားတစ်ယောက် မဖြစ်ခဲ့ဘူးလေ။ ဒါကို ကျနော်လည်း သိတယ်၊ အဖေလည်း သိပါတယ်။ အမေဘာလို့မသိလဲတော့ စဉ်းစားလို့မရဘူး။

ကျနော်ကတော့ အဖေ့သူငယ်ချင်း ဦးလေးထွန်းအောင်တို့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်မယ်လို့ စဉ်းစားတာပဲ။ အမေကတော့ အတင်း ကျောင်းချည်း ဆက်တက်ခိုင်းနေတယ်။ ဦးလေးထွန်းအောင်က ကျနော့်ကို သိပ်တော့ သဘောမကျသလိုပါပဲ။ အဖေ့ မျက်နှာနဲ့တော့ ကျနော့်ကို နေရာ တစ်နေရာ ပေးမယ် ထင်တယ်။ အဲဒီအတွက် အဖေ့ကို ကျနော် ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ ကျနော် အခု ဆေးလည်း ဖြတ်လိုက်ပြီ။ ဒီတစ်နှစ်လုံးလုံး ကျနော် တစ်ခါမှ အိမ်ကနေ မထွက်ပြေးပါဘူး။ ကျနော် ဒီနှစ် တစ်နှစ်လုံး ရန်မဖြစ်တော့ ရပ်ကွက်ထဲက ရဲမှုးဦးဘသောင်းတောင် ဒီကောင် ဒီနှစ်တော့ ရဲစခန်း ရောက်မလာဘူးကွ... လို့ ပြောတယ်။

အဖေ ကျနော့်ကို ငယ်ငယ်က ဘောလုံးတွေ အများကြီး ၀ယ်ပေးခဲ့တာ ကျနော် သတိရတယ်။ ကျနော် လိုချင်တဲ့ စစ်သားရုပ်လေးတွေ၊ သေနတ်တွေကျတော့ မ၀ယ်ပေးခဲ့ပဲ အဲဒီ ကျနော် မလိုချင်တဲ့ ဘောလုံးတွေချည်း၊ ဘောလုံးကန်တဲ့ ဖိနပ်နဲ့ အင်္ကျီတွေချည်း ၀ယ်ဝယ်လာပေးလို့ ကျနော် အမှတ်တရ ရှိနေတာ....။ ဒါပေမဲ့ ကျနော်က ဘောလုံးကန်ဖို့ကို ၀ါသနာကို မပါခဲ့တာလေ... အခုတော့ အဖေ ငယ်ငယ်ကလို ဘောလုံး မကစားပေမဲ့ ကျနော် သူငယ်ချင်း တစ်ချို့နဲ့ ဘတ်စကက်ဘော ကစားပါတယ်။ စစခြင်းတော့ ကျနော် ဘယ်လိုမှ အမောမခံနိုင်ဘူး။ ဒါတောင် ဆေးလိပ်ဖြတ်ထားပေလို့။ အခုတော့ ကျနော် နာရီဝက်လောက်တော့ အေးအေးဆေးဆေး ကစားနိုင်လာပါပြီ။

ရက်လည်နေ့မတိုင်ခင် တစ်ရက်က အဖေ့ပစ္စည်းတွေ ရှင်းတော့ အဖေ့ စားပွဲက အံဆွဲထဲမှာ ၀ှက်ထားတဲ့ ကျနော့် ဆေးလိပ်ဘူး တစ်ဘူး ပြန်တွေ့တယ်။ အဲဒီထဲမှာ ဆေးပါနေတယ်ဆိုတာ အဖေ မသိဘူးမဟုတ်လား။ ကျနော် အတွေ့မြန်ပေလို့... မြန်မြန် ဖျောက်ပစ်လိုက်ရတယ်။ မဟုတ်ရင် ပြဿနာတောင် တက်နိုင်သေးတယ်။ တွေ့တော့ သောက်ချင်စိတ်တော့ နည်းနည်း ပေါ်လာသေးတယ်။ ဒါပေမဲ့ ကျနော် အဖေ့ စာရွက်ဟောင်းတွေ မီးရှို့ရင်း မီးပုံထဲကို ပစ်ထည့်လိုက်ပါတယ်။

စာမေးပွဲအတွက် စာကျက်နေတဲ့ ညက ကျနော် သိပ် အိပ်ငိုက်နေလို့ ဆေးလိပ် တစ်ဘူး ခိုးသောက်တယ်။ အဖေသာ မြင်ရင် ကျနော့်ကို ပိတ်ထိုးမှာပဲ ဆိုပြီး အဖေ့ကို သတိရလိုက်သေးတယ်။ နောက် ကျနော်က ဒါဟာ မှန်ကန်တဲ့ ဆုံးမနည်း မဟုတ်ဘူးဗျ လို့ ပြောရင် အဖေက ခံပြောရကောင်းလား ဆိုပြီး အမေ လာမဆွဲမချင်း ဆက်ထိုး နေမယ် မဟုတ်လား... အဖေထိုးတာ သိပ်မနာခဲ့မှန်းတော့ အမေ့ကို မပြောပြမိခဲ့ဘူး။ အဖေ ဘာလို့ ကျနော့်ကို တကယ်နာအောင် မထိုးတတ်တာလဲ ဆိုတာ ကျနော် သိပ်အံ့သြတယ်။ ကျနော် ရန်ဖြစ်ရင် အဖေ့ထက် အကောင်အများကြီး သေးတဲ့ကောင်က ထိုးတာတောင် အဲဒီထက် နာသေးတယ်။

အမေလုပ်ပုံကတော့ ပြောကို မပြောချင်ပါဘူးဗျာ... အဖေ အရင်က ရှက်လို့ဆိုပြီး အဖေ့ ဘီရိုထဲပဲ သိမ်းထားတဲ့ အဖေ့ ဘွဲ့လက်မှတ်တွေ ဓါတ်ပုံတွေကို အခုတော့ အိမ်ခန်းထဲမှာ ချိတ်လို့... ဘွဲ့လက်မှတ်တွေကို ရှိုးကေ့စ်ထဲမှာ ပြထားလို့။ ကျနော်တောင် အမေ ကြွားတာ ကြားထဲက ရှက်လာတယ်။ အဖေရခဲ့တဲ့ ဘွဲ့တွေ ပြန်ကြည့်ပြီး အဖေ ကျနော့်ကို ဘာလို့ အားမလို အားမရ ဖြစ်သလဲဆိုတာ ပိုနားလည်လာတယ်။ ဒါပေမဲ့ ကျနော်လည်း မတတ်နိုင်ဘူးလေ။ အဖေ့ကို ကျနော် ၀ိဇ္ဖာယူမယ် ပြောသားပဲ။ အဖေက အတင်း သိပ္ပံလိုင်း ယူခိုင်းခဲ့တာကိုး... အခု စာမေးပွဲ အောင်ဖို့တောင် မနည်း လုပ်ခဲ့ရတာ။

အဖေ့ကားကို နည်းနည်း မော်ဒယ်မြင့်တဲ့ကားနဲ့ လဲလိုက်တယ်။ ရွှေဂုံတိုင်က တိုက်ခန်းကို ရောင်းပြီး လဲတာ။ တိုက်ခန်း ရောင်းတဲ့ ပိုက်ဆံတွေကို ဘဏ်မှာ အပ်ထားတယ်။ အမေက အဲဒီက ရတဲ့ အတိုးနဲ့ အဖေ့တပည့် အန်ကယ်တိုး ပြန်ပြန်ပေးတဲ့ ကုမ္ပဏီက အမြတ်နဲ့ပဲ ကျနော့်ကို ကျောင်းထားနေရတာပဲ။ အဖေတို့ ကုမ္ပဏီတော့ ၀င်မလုပ်ချင်ပါဘူးဗျာ... သူ့အဖေကျတော့ ဘယ်လို၊ သူ့သားကျတော့ ဘယ်လိုလို့ ပြောကြလွန်းလို့... တကယ် နားကြား ပြင်းကတ်တယ်။ အဖေ့အတွက် ကျနော် ဂုဏ်ယူတတ်လာသလိုလို ရှိလာပေမဲ့ ကျနော့်ကို အဖေနဲ့ ယှဉ်ပြောကြတာကတော့ တော်တော်လေးကို ခံစားရတယ်ဗျာ... ကျနော်လည်း အဖေ့ကို မမီပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားနေတာပဲလေ။

အမေလည်း သိပ်နေမကောင်းဘူးဗျာ... မနေ့ကတော့ နည်းနည်း နေပြန်ကောင်းလာတယ်။ လွန်ခဲ့တဲ့ အပတ်ကဆို တစ်ပတ်လုံးပဲ ထူထူထောင်ထောင်ကို မရှိဘူး။ လူကြီးရောဂါပဲ ထင်ပါရဲ့။ တခါတလေဆို ငါလည်း နင့်အဖေလို ဘာမှ မခံစားလိုက်ရပဲ ဦးနှောက်သွေးကြော ပြတ်ပြီး ဖြုတ်ခနဲ သေသွားလိုက်ချင်တယ်လို့ ခဏခဏ ပြောလာတယ်။ အန်တီသန်းကလည်း ဂရုတော့ စိုက်ပါတယ်။ တခါတလေ ညညဆို အမေက ပြတင်းပေါက်လေးတော့ ဖွင့်ထားပေးပါ... တကယ်လို့ အဖေလာရင် သိရအောင်လို့ လို့ ပြောတယ်။ သူက နေမှမကောင်းတာ အန်တီသန်းက ဘယ်ဖွင့်ထားပေးချင်မလဲ... အဲဒါနဲ့ အန်တီသန်းနဲ့ စကားများကြရော...

တကယ်တော့ ကျနော်လည်း ကျနော့်အခန်း ပြတင်းပေါက်ကို ဖွင့်အိပ်ပါတယ် အဖေ။ ကျနော် နောက်ထပ် အဖေ ပိတ်ထိုးတာကို ခံချင်သေးတယ်။ အဖေ့ကိုလည်း ဒေါသ မထွက် ထွက်အောင် ခံပြောချင်ပါသေးတယ်။ မနက်မနက်ကျ အဖေမှာတဲ့ သတင်းစာကို လာမပို့နဲ့တော့လို့ ပြောဖို့ ကျနော်တို့ တစ်ယောက်မှ ပြောမထွက်ကြဘူးလေ။ အခုတော့ ကျနော်ပဲ ကော်ဖီသောက်ရင်း ဖတ်ဖြစ်နေတာပေါ့။ ခြံထဲက ပန်းပင်တွေလည်း ကျနော် အန်တီသန်းကို ကူပြီး ရေလောင်းပေးပါတယ်။

လောလောဆယ်တော့ မြို့ထဲရောက်ရင် ညနက်သွားမှာစိုးလို့ ပြန်တော့မယ်ဗျာ... အမေက နေကောင်းရင် သူလည်း လာချင်တယ် ပြောတယ်။ ကျနော်ကတော့ ဝေးလို့ မလာစေချင်ဘူး။ အမေသွားချင်တယ်ဆို သူလည်း နေကောင်းရင်တော့ အမေရယ်၊ ကျနော်ရယ်၊ အန်တီသန်းရယ် တစ်ခေါက် ထပ်လာပါဦးမယ်။ ကျနော်တို့ အားလုံး အဆင်ပြေပါတယ်အဖေ။ အဖေလည်း ဖြစ်လေရာဘ၀မှာ အဆင်ပြေအောင် နေပါဗျာ...

Labels:

posted by Htoo Myat
5/20/2008

2 comments