<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

ရွှေလဲ့ရေ...

February 28, 2008




ငါ့ညနေတွေလည်း အခု နောက်ပိုင်းမှ စောစောစီးစီး မှောင်လာသလိုပဲ။ အရင်ကဆို မင်းနဲ့ငါနဲ့ ကျောင်းအပြန် ကားမှတ်တိုင်မှာ ဆုံနေကြအချိန်လေးပေါ့။ ငါဆင်းရမဲ့ မှတ်တိုင်နားက အိမ်ကြီးကိုလည်း သတိရမိတယ်။ မနက် မနက် ဘတ်စကား မှတ်တိုင်ကို ငါအရင်လာပြီး သူ့တံတိုင်းအပြင် ထွက်နေတဲ့ တရုတ်စံကားပင်ကိုင်းက ပန်းလေး တစ်ပွင့်ကို မင်းအတွက် ခိုးခိုး ခူးလာပေးရတာပေါ့။ သိလည်း ဘာမှတော့ မပြောလောက်ပါဘူးလေ၊ အပြင်ထွက်နေတဲ့ အကိုင်းပဲဟာ။ မောင်မောင်ဦးတို့လို သူ့ရည်းစားကို ပန်းစည်းလေး ပေးချင်ခဲ့တာပေါ့ကွာ...။ ဒါပေမဲ့ ငါ့အမေလည်း မုန့်ဖိုးများများမှ မပေးနိုင်ခဲ့တာ။ အဲဒီတုန်းက ငါတို့နှစ်ယောက် မုန့်ထွက်စားကြရင် နားလည်စွာနဲ့ အအေးတစ်ပုလင်းပဲ ပုံမှန် သောက်တတ်တဲ့ မင်းကို ငါ အခု ၀မ်းလည်းနည်းတယ်၊ ကျေးဇူးလည်း တင်မိတယ် ရွှေလဲ့...။

အခုလည်း မင်းအတွက် ငါ့မှာ နှင်းဆီပန်းလေး တစ်စည်းတော့ ပါလာတယ်။ ငါ ငါးပွင့်ပဲ ၀ယ်လာခဲ့တယ်။ ငါ အပွင့် ငါးဆယ်လောက်နဲ့ ဧရာမ ပန်းစည်းကြီး ၀ယ်ခဲ့ချင်တာပါပဲ။ ငါလို အင်တာနက် ကဖေးတစ်ခုက စာရေး၊ အင်း... အလုပ်သမား လို့ပဲ ပြောပါတော့ကွာ... ငါက ဘယ်လိုလုပ် ၀ယ်ပေးနိုင်မှာလဲ။ ပြီးတော့ တစ်ချိန်က ငါတို့ စိတ်ကူးယဉ် ခဲ့ကြတဲ့ အိပ်မက် တွေဟာလည်း ဖြစ်မလာခဲ့ဘူးလေ...။ ဒါတွေဟာ နောင်လည်း ဘယ်တော့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်တော့ပါဘူးကွာ။

ဒီတက္ကသိုလ်ကို ငါက ၀ါသနာပါလို့ကို တက်ခဲ့တာ။ ငါ ကွန်ပျူတာ ပရိုဂရမ်တွေ ဆွဲနိုင်တဲ့ တစ်နေ့ကျ နင့်ကို အိမ်တစ်လုံးလောက် ရှိတဲ့ ပန်းစည်းကြီး ပေးမှာပါလို့ တရုတ်စံကားပန်းလေး မင်းကို ကမ်းပေးရင်း ပြောခဲ့တယ်နော်...။ မင်းကလည်း ငါ ကွန်ပျူတာရှေ့ အထိုင်ရတာများလို့ ယောင်္ကျား ရောဂါတွေ ဖြစ်ရင် ကုပေးမှာပေါ့လို့ ပြောခဲ့တယ်လေ... ဟားဟား...။ အခုနောက်ပိုင်း ပြန်ပြောတော့တာ ရယ်နိုင်တာ နင် မရှိတော့ခါစကဆို ဒီလို ဘယ်ရယ်နိုင်မလဲ။ အဲဒီတုန်းကဆို မင်းတို့ ဆေးတက္ကသိုလ်ထဲ ၀င်ဝင်လာရတိုင်း ကိုယ့်ဟာကိုယ် သိမ်ငယ်မိတယ်။ အခုလည်း သိမ်ငယ်ဦးမှာပါပဲ။ နင်တို့ဆီမှာ ကိုယ်ပိုင် ကားပေါ်က ဆင်းလာတဲ့ လူတွေချည်းပဲ။ တကယ်တော့ မင်းလည်း မင်းအဖေ မအားလို့သာ လိုက်မပို့နိုင် ဖြစ်ရတာ မင်းအိမ်မှာလည်း ကားတစ်စင်း ရှိတာပါပဲလေ။ ဒီလို ချမ်းသာတဲ့၊ အချစ်ကို တန်ဖိုးမထားတဲ့ ရုပ်ဝတ္ထု သမားတွေကြားမှာ မင်းကိုလည်း ငါ့မှာ စိတ်ပူမိတယ်။ မင်းကတော့ အခုလို ရုပ်ဆိုးတဲ့ ငါ့ကိုပဲ ချစ်ခဲ့တယ်နော်။ မင်းက သိပ်ချစ်စရာ ကောင်းခဲ့ပါတယ် ရွှေလဲ့။

ငါ့ကို အမြင်မကြည်တဲ့ မင်းအမေကြီးနဲ့ ဆန့်ကျင်ဖက်၊ မင်းကို သိပ်ချစ်တဲ့ ငါ့အမေလည်း ဆုံးသွားရှာပြီ။ အမေ့ ပိုက်ဆံထည့်ထားတယ် ဆိုတဲ့ အန်တီ ဒေါ်အေးမြင့်ကတော့ အမေဆုံးသွားတာနဲ့ သူ့လုပ်ငန်းက ရတဲ့ အမြတ်လည်း ငါ့ကို လာခွဲမပေးတော့ဘူး။ ငွေလည်း ပြန်မအမ်းတော့ဘူး။ တရားစွဲလည်း စရိတ်က မတတ်နိုင်တော့ ငါလည်း ဘာမှ မပြောတော့ပါဘူး။ မတရားတာ မကြိုက်တဲ့ နင်ကတော့ ငါ့ကို ညံ့လိုက်တာလို့ ပြောဦးမှာ...။ အခုမှ ငါလည်း အသေအလဲ ရုန်းကန် နေရတော့တာပေါ့။ တက္ကသိုလ် တက်နေခဲ့တုန်းက ငါ စတာဒီဂိုက် လုပ်ပေးခဲ့တဲ့ ကလေးလည်း အခု ဆယ်တန်းအောင်သွားပြီ။ ငါလည်း အလုပ်အသစ် လိုက်ရှာရတော့တာပေါ့။ အဲဒါနဲ့ ငါလည်း ကွန်ပျူတာလေး ဖွင့်တတ် ပိတ်တတ် ရှိတော့ အခု အင်တာနက် ကဖေးမှာ ၀င်လုပ်ဖြစ်ခဲ့တာပဲ။ ဒီနေ့တောင် ကွန်ပျူတာတွေ အားလုံး ပိတ်၊ ဆိုင်တံခါးပိတ်၊ လိုင်းကားစီးပြီး နင့်ဆီလာခဲ့တာပေါ့။ ဆိုင်စောစောပိတ်လို့လေ။

ငါလည်းဒါနဲ့ပဲ အချိန်ကုန်နေတာပါပဲ ရွှေလဲ့ရာ။ ဒါပေမဲ့ ငါ နင့်ကို အမြဲလွမ်းပါတယ်။ အခုတော့ ပရိုဂရမ် ရေးနိုင်ဖို့ နေနေသာသာ ကိုယ်ပိုင် ကွန်ပျူတာလေး တစ်လုံးတောင် မရှိ၊ ငါ့ ဆရာဝန်မလေး ရွှေလဲ့လည်း... အင်း... ရောက်တုန်း ရောက်ခိုက် ငါ ၀မ်းနည်းစရာလေးတွေ မတွေးချင်ဘူး။ ၀မ်းသာစရာ ရှာကြံ ပြောရမယ် ဆိုရင် အရင်က နင်နဲ့ မိတ်ဆက်ပေးဖူးတဲ့ ငါ့သူငယ်ချင်း အောင်ကြီး ကတော့ အခု စင်ကာပူ ထွက်သွားတယ်။ နင့်သူငယ်ချင်း နွယ်နွယ်အေးလဲ အခုတော့ သူ့အမေဆိုင်အပြင် နောက်ထပ် ဆိုင်ခွဲနှစ်ခု ထပ်ထောင်ပြီး ကြီးပွားနေလေရဲ့။ ဆေးကုတာ ထက်တောင် ပိုမြတ်သေး ဆိုလားပဲ။ ဆရာဝန် အလုပ်ကို မလေးစားတဲ့ သူတွေ့ရင် နင့်ရဲ့ မွန်မြတ်တဲ့ စိတ်ကလေးကို တအားသတိရမိတယ်။ နင်ကတော့ တောရွာတွေ သွားပြီး ဆေးသွားကု ချင်တာနော်...။ ပိုက်ဆံထက် လူတွေ လေးစားတာ၊ ချစ်တာကို နင်က ပိုလိုချင်ခဲ့တာပဲ။

နင်က ငါသာ အဲလို ဆရာဝန် ဖြစ်ခဲ့ရင်... ငါသွားတဲ့ နေရာတိုင်း နင် လိုက်နိုင်မလားလို့ အဲဒီတုန်းက မေးတော့၊ နင်နဲ့အတူ ငါ နေရာပေါင်းစုံ လျှောက်မလိုက်နိုင်ဘူး။ ငါတို့နိုင်ငံကလည်း မတိုးတက်သေးတော ငါအလုပ်လုပ်ဖို့ ကွန်ပျူတာက နေရာတိုင်းမှာမှ မရှိနိုင်တာလို့ ငါဖြေခဲ့တယ်။ အခုလို ကြိုသိခဲ့ရင် ငါ လိုက်ခဲ့မယ်လို့ ဖြေခဲ့သင့်တာပါပဲ။ အခုနေသာ လိုက်လို့ရဦးမယ် ဆိုရင် ငါ ချက်ချင်း ထလိုက်ခဲ့မှာကို ယုံပါတော့ ရွှေလဲ့ရေ...။

အဲဒါကြောင့်ပေါ့။ ငါ တိတ်တိတ်လေး ကြံစည်ပြီး ခေါင်းအုံးအောက်မှာ ငါ ပိုက်ဆံစုခဲ့တယ်။ တစ်နေ့ နင့်အတွက် အသုံးဝင်အောင် လို့ပေါ့။ အစိုးရကလည်း ဘာမှ မကူညီနိုင်၊ နင်ကလည်း ခေါင်တဲ့ ဒေသတွေ သွားချင်ရင် ဒုက္ခ ရောက်ရှာမှာ ဆိုပြီးပေါ့။ အခုတော့လည်း ငါနင့်ကို မပေးနိုင်တော့ဘူး ရွှေလဲ့ရယ်။ နင်မရှိတဲ့ နောက်ပိုင်း နှစ်လလောက် ငါ အရက်ခွက်ထဲ ခေါင်းစိမ်ခဲ့သေးတယ်။ အဲဒီပိုက်ဆံနဲ့ပေါ့ကွာ... ငါ... ငါလေ... ငါ ခံစားခဲ့ရ လွန်းလို့ပါကွာ။ သူများတွေလို သူငယ်ချင်း မကောင်းလို့လို့ လွှဲမချချင်ပါဘူး။ ငါ့အပြစ်တွေပါပဲ။ ငါလည်း ငယ်သေး၊ မရင့်ကျက်ခဲ့သေး လို့ပေါ့ကွာ...။

အခုတော့ လမ်းထိပ်နား ပန်းခြံလေးက ငါတို့ ထိုင်နေကြ ခုံတန်းလေးမှာလည်း အတွဲ အသစ်တွေ ရောက်နေကြပြီပေါ့။ ငါလည်း မကြည့်မိအောင် ကြိုးစားပါတယ်ကွာ။ ဒါပေမဲ့လည်း ဘယ်တောမှ မဖြစ်နိုင်ခဲ့ပါဘူး။ အဲလို မင်းကို သတိရတာနဲ့ ရယ်စရာလေး ဖြစ်တာ ပြောရဦးမယ်။ ငါ နှစ်လလောက် ပေတေခဲ့ပြီး ဆေးရုံတက် အရက်ဖြတ် ပြီးခါစပေါ့၊ ဒါတောင်မှ ငါ့အမေ အတော် တရားဟောကောင်းလို့ တက်ဖြတ်ဖြစ်ခဲ့တာ။ အဲ... ငါ အဲဒီနေ့က မင်းနဲ့ သွားထိုင်နေကြ ဆိုင်လေးမှာ ၀င်ထိုင်ပြီး ခပ်တည်တည်နဲ့ လဘက်ရည် ပေါ့ကျ တစ်ခွက်နဲ့ အအေး တစ်ပုလင်း ဆိုပြီး မှာလိုက်မိသေးတယ်။ ငါပဲ နှစ်ခုလုံး ကုန်အောင် သောက်လိုက်ရတာပေါ့။ အအေးက ဘယ်လောက်ပဲ အေးစိမ့်နေနေ ငါ့ရင်ထဲမှာတော့ ကောင်းကောင်းကို မြိုလို့ မကျပါဘူး ရွှေလဲ့ရာ...။ ငါ ဆယ်တန်းနှစ်ကတည်း ဒီဆိုင်မှာ ငါ လဘက်ရည် သောက်လာတာ... နင်နဲ့ တွေ့တဲ့ နောက်ပိုင်းမှာ ငါ အကြိုက်ဆုံး ဖြစ်သွားပြီး အခုကျ သောက်လို့ အရသာကို မရှိတော့ဘူးကွာ။

ပျော့ညံ့တယ်ပဲဆိုဆို၊ ဒီလိုအမှတ်တရ လေးတွေဟာ ငါ့ဘ၀ကို တော်တော် ထိခိုက်စေတယ်။ နင်နဲ့ငါ အရင်က မြို့ထဲသွားရင် ရောက်နေကြ ဆိုင်က ဒေါ်လှအေးကြီးဆို ငါ လာတိုင်း မင်း မပါဘူးလားလို့ တစ်ချိန်လုံးပဲ မေးမေးနေတော့ သူ့ဆိုင်မှာတောင် ငါ မုန့်ဟင်းခါး သွားမစားဖြစ်တာ ကြာပြီ။ ငါလည်း တခါတလေ အဓိပ္ပါယ် မရှိတာတွေပဲ စွတ်စက် လုပ်မိနေတတ်ပြီ။ မနက်ကတောင် ညနေကျ မင်းဆီလာဖို့ စဉ်းစားရင်း ခြေထောက်နာနေတာကို ဆေးလိမ်းတာ သွားတိုက်ဆေးတွေ မှားလိမ်းမိလို့ ဟားဟား...။

တစ်ယောက်တည်းသမား ဘ၀ကတော့ အထီးကျန်ပါတယ်ကွာ။ ငါနဲ့ ဆွေမျိုးနီးစပ် တော်တဲ့ အဒေါ်တစ်ယောက် ကတော့ တစ်ချိန်လုံး မိန်းမယူတော့လို့ပဲ ပြောနေတာပဲ။ ဟိုမိန်းမနဲ့ လိုက်စပ်၊ ဒီမိန်းမနဲ့ လိုက်စပ်နဲ့။ ငါ့အချစ်ဟာ မင်းနဲ့ အတူသေသွားပါပြီ လို့ ဆိုရတဲ့အထိ ငါ အစွန်းမရောက်ချင်တာ အမှန်ပါ။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်ဟာ ဒီအတိုင်းပဲ။ ငါ ဘယ်သူ့ကိုမှ ချစ်မရတော့ပါဘူး ရွှေလဲ့ရယ်...။

ဘာလိုလိုနဲ့ နေတောင် လုံး၀၀င်သွားပြီ။ ငါလည်း ဗိုက်ထဲ ဆာလာပြီကွာ။ ဒီမှာ ထိုင်ရတာကလည်း နဲနဲတောင် အေးလာတယ်။ ဒါပေမဲ့ နွေဆို နင် တော်တော်ပူမှာပဲ။ ဒါပေမဲ့ အရိပ်ရတဲ့ အပင်တစ်ပင် မိုးထားတော့ တော်သေးတာပေါ့။ နင့်လက်ထဲ မထည့်နိုင်ပေမဲ့ ဒီပန်းစည်းကို ငါ နင့်အုတ်ဂူပေါ်မှာပဲ တင်ခဲ့ပါတယ် ရွှေလဲ့။ အား... ငါကလည်း မေ့လိုက်တာ။ နင့်အုတ်ဂူနားလေး ငါ လှဲကျင်းပေးခဲ့မယ် ဆိုပြီး တစ်ယောက်တည်း ထိုင်တွေးနေတာနဲ့ သတိမရလိုက်ဘူး။ တွေ့လား... အဲဒါပဲ။ ငါ ရူးကြောင်မူးကြောင်တွေ လျှောက်လျှောက်လုပ် နေတတ်တယ်ဆိုတာ။ နောက်တစ်ခါ လာမှပဲ လှဲပေးတော့မယ်။

ငါပြန်လိုက်ဦးမယ် ရွှေလဲ့ရေ...

Labels:

posted by Htoo Myat
2/28/2008

2 Comments:

Blogger :P said...

ဝမ်းနည်းစရာ ၀တ္ထု တွေချည်းလား..
၂ပုဒ်ဖတ်ပြီး သက်ပြင်း ၂ခါ ချပြီးပြီ..

November 10, 2008 at 1:47 AM  
Anonymous Anonymous said...

လန်းတယ် ဆရာ။
အတော့်ကို ကောင်းတယ်။

March 4, 2009 at 11:08 AM  

Post a Comment

<< Home