<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

လွမ်းတတ်တဲ့ နံရံ

May 04, 2009



နေပူတဲ့ နေ့တွေဆို အတော်လေး အိပ်ငိုက်တယ်။ အေးတဲ့နေ့တွေရော မငိုက်ဘူးလားဆိုတော့ တူတူပါပဲ။ စာရင်းတွေ တွက်ရတာလောက် အိပ်ငိုက်တဲ့အလုပ် ရှိဦးမလား။ ဒါပေမဲ့ ဗိုလ်ထိုင်အိမ်သာ ဆိုတော့ အဖုံးဖုံးပြီး တက်ထိုင်နေလိုက်ရင် ခုံမှာ ထိုင်နေရသလိုပဲဆိုတော့ မဆိုးပါဘူးလေ။ ဘေးကို လှည့်ကြည့်တော့ နံရံ ဖြူဖြူကြီးကလည်း ဖွေးဖွေးကြီး ရှိနေတယ်။ တကယ်ဆို အိမ်သာနဲ့ လိုက်အောင် ညစ်နွမ်းနွမ်းလေး ဖြစ်နေသင့်တယ်။

ကျောင်းတုန်းက ယောင်္ကျားလေး အိမ်သာဆို ကော်ရစ်ဒါ အဆုံးမှာ ရှိတာပေါ့။ အခု သင်္ချာအချိန်ဆို ဆရာက သင်တာ ပျင်းစရာကောင်းတယ်။ တစ်တန်းလုံး ငိုက်နေကြလည်း စကားမပြောနေကြရင် ပြီးတာပဲ ဆရာလည်း ဘာမှမပြောဘူး။ တကယ်တော့ စကားမများရပဲ အိပ်ငိုက်ရတာထက်စာရင် အိမ်သာထဲမှာ ဆေးလိပ်ခိုးသောက် ရတာကို ပိုသဘောကျမိတယ်။ အဲဒါနဲ့ အိမ်သာထဲ ရောက်နေကြတာပေါ့။ အိမ်သာနံရံမှာ မင်းထက်က စန္ဒီလွင်ကို ချစ်တယ် ဆိုပြီး ထောက်ချွန်နဲ့ ခြစ်ပြီးရေးနေတယ်။ အောက်နည်းနည်း နိမ့်နေတဲ့ အဲဒီ စာတန်းကို ပွကြီးက သေးနဲ့ပန်းလိုက်တော့ မင်းထက်က အေပေး ဆိုပြီး ဆဲလိုက်တယ်။ ပွကြီးဆိုတာက ကျော်ထက်ပေါ့။

ပွကြီးလည်း တခါတလေ ဆေးလိပ် ယူလာနေကျပဲ။ ဒါပေမဲ့ သူယူလာ တတ်တာက နည်းနည်းပါ။ တလောက သူ့အဖိုး ဆေးပြင်းလိပ် ဆိုတာကြီး ယူလာသေး။ ဖွာတောင် မဖွာလိုက်ရပါဘူး။ ဟိုကောင်တွေက ပြောပြတာ... အဲဒီနေ့က မြန်မာသဒ္ဒါတွေ မပြီးသေးလို့ စာကူးနေတာနဲ့ အိမ်သာထဲ မလာနိုင်လိုက်တာ။

ဆေးလိပ် မသောက်နေလည်း အိမ်သာထဲမှာ ဘယ်လိုမှ မနေနိုင်ဘူး။ မိန်းကလေး အိမ်သာတော့ ဘယ်လိုနေမယ် မသိပေမဲ့ ယောင်္ကျားလေး အိမ်သာကတော့ အတော်လေး အနံ့ပြင်းတယ်။ ဆယ်တန်းက ဆရာပြောင်ကြီးကတော့ သူ့အတန်းက ကျောင်းသားတွေကို တခါတလေ အိမ်သာဆေးခိုင်းတယ် ဆိုပဲ... တခါတလေတော့ ၁၀ တန်းအကိုကြီးတွေ အိမ်သာဆေးနေတာ တွေ့ရသား။ တခြားဆို ဘယ်တော့မှ၊ ဘယ်သူမှ ဆေးနေတာ မတွေ့ခဲ့ဖူးဘူး။ ဒီ အကိုကြီးတွေ အိမ်သာလာဆေးတာ ကလည်း ဘာမှ သေချာ မဆေးပါဘူး။ အိမ်သာထဲက ထွက်မလာပဲ ဟေးလားဝါးလားနဲ့ ဘယုတ်ကျ နေကြတာပါပဲ။ ဆရာ ဝင်လာမှာတော့ မပူရဘူးလေ... ဆရာတွေရဲ့ အိမ်သာက တစ်ဖက်လမ်းမှာ။ တကယ်တော့ ဆရာပြောင်ကြီးနဲ့ နောက်ထပ် ၃ နှစ်ဆို တွေ့ရတော့မှာပေါ့။ စာမေးပွဲသာ မှန်မှန် အောင်ခဲ့ရင် ပြောပါတယ်။ ဒီအုပ်စုကို အိမ်သာ လာဆေးခိုင်းလို့ကတော့ ပျော်သည်လို့ပဲ အော်ကြမှာပဲ။

မင်းထက်က မသောက်တတ်သေးပဲ အခုမှ စသောက်ကျင့်နေတော့ တစ်ချိန်လုံး အဟွတ် အဟွတ်နဲ့ ချောင်းဆိုးနေတယ်။ အသံ သိပ်မထွက်ဖို့ လှမ်းပြောလိုက်ရတယ်။ မော်နီတာကောင်ကိုတော့ သတိထားရမယ်။ ဆရာမ မျက်နှာရဖို့ တစ်ချိန်လုံး ခြင်းတောင်း လိုက်ဆွဲပေးနေတဲ့ကောင်။ တခါက အိမ်သာထဲ ဆေးလိပ်ခိုးသောက်ကြတာကို ဒီကောင် လက်တို့လိုက်လို့ အတန်းပိုင် ဆရာမက ခြေသလုံးကို ကြိမ်စာကျွေးတာ ခံလိုက်ရသေးတယ်။ တကယ်ဆို အဲဒီနေ့က လပတ် စာမေးပွဲအတွက် ကောင်းထက်အောင် အဒေါ် မိတ္တူဆိုင်မှာ ချုံ့လာတဲ့ စာရွက်လေးတွေပါ တခါထဲ အိမ်သာထဲမှာ မျှတာ... အဲဒါကို ရှာမတွေ့သွားပဲ ဆေးလိပ် ခိုးသောက်တာပဲ မိတာ တော်သေးတာပေါ့။

ထမင်းစားဆင်းတော့မယ်။ ပွကြီးက သူ့လုံချည်ကို ချွတ်ပြီး အသင့် ကိုင်ထားလိုက်တယ်။ အောက်က ဘောင်းဘီကတော့ သူ့အကြိုက်ဆုံး မန်ယူ ဘောင်းဘီ ဆိုတာပေါ့။ ဘယ်တော့မှ တခြားဘောင်းဘီ ဝတ်တာမတွေ့ရဘူး။ ဒီကောင်လည်း ဘောလုံးကန် ကောင်းတယ်။ တခါလောက် အခွင့်ရရင် ဒီကောင် ဒေါခီးသွားအောင် သူ့ဘောင်းဘီကို ဆေးလိပ်မီးနဲ့ တို့လိုက်ချင်သေးတယ်။ အိမ်သာ တံခါးဝမှာ စောင့်လိုက်၊ ဆေးလိပ် ဝင်ဖွာလိုက် လုပ်နေတဲ့ ကောင်းထက်အောင်ကလည်း သူ့မျက်လုံး ပြူးပြူးနဲ့ ကော်ရစ်ဒါ တစ်လျှောက်ကို ကြည့်နေတယ်။ ဆေးလိပ် ကိုင်တဲ့လူက အိမ်သာပေါက်နားမှာ နေပြီး ဆေးလိပ်ကို ပစ်ချ၊ ရေလောင်းချပြီး ဖျောက်လိုက်တာနဲ့ ပွကြီးက အရေးကြုံရင် သူ့လုံချည်နဲ့ အငွေ့တွေကို ယပ်ခပ်ပြီး ဖျောက်ပစ်မလို့ပေါ့။ အလကားပါ။ တကယ်တော့ ဘယ်သူမှလည်း မလာပါဘူး။

မင်းထက် ယူလာတဲ့ ထောက်ချွန်လေးကို တောင်းပြီး သီရိထွန်းကို ချစ်တယ် ဆိုပြီး ရေးလိုက်တယ်။ ဒီတစ်လှည့်တော့ ပွကြီးကို လန့်လို့ ခပ်မြင့်မြင့်မှာ ရေးလိုက်တယ်။ နံရံက ဆေးမသုတ်ထားတဲ့ ဘိလပ်မြေ နံရံ ညိုညိုကြီး ဆိုတော့ မြေဖြူနဲ့ ရေးရင်တော့ ပိုပေါ်တာပေါ့။ ဒါပေမဲ့ မြေဖြူမရှိတော့ ရှိတာနဲ့ပဲ ရေးတယ်။ ဒီ သေးပေါက်တဲ့ နေရာမှာတော့ စာတွေချည်းပဲ။ အိမ်သာခန်းတွေ ထဲမှာတော့ အကိုကြီးတွေ လက်စွမ်းပြ ထားကြတဲ့ ကိုယ်တုံးလုံးပုံတွေ ရှိလေရဲ့။ သူတို့လည်း ဘာတတ်လို့လဲ... အဓိက နေရာတွေ ပေါ်အောင် ဆွဲထားလို့သာ ဘာပုံမှန်းသိတာ မဟုတ်ရင်တော့ မော်ဒန်ပန်းချီပဲ။

ဒီနေ့လည်း သီရိထွန်း သူ့ကျောင်းကားဆီ သွားရင် ငါတို့ လိုက်ကြဦးမလားလို့ မေးတော့ ဘယ်သူမှ ဘာမှ ပြန်မပြောကြဘူး။ သီရိထွန်း အဒေါ်က ၅ တန်းက ဆရာမလေ။ တစ်နေ့က တွေ့လိုက်တာ ငါ့တူမကို လိုက်စကားပြောနေတာ နင်တို့ကို ငါ ကျောင်းအုပ်ကြီး ရုံးခန်း ပို့လိုက်ရမလား ဆိုလို့ အကုန်လုံး လန့်နေကြတာ။ ဆေးလိပ်မီးက အစီခံနား ကပ်လာတာ လက်တောင် ပူလာတယ်။ ပွကြီး အနားကပ်လာတာ ဆေးလိပ် လုမလို့ဆိုတာ သိတာပေါ့။ တစ်ဖွာလောက် ဖွာလိုက်ပြီး အိမ်သာထဲ ပစ်ချလိုက်တော့ သူ့အလှည့် ရတာနဲ့ ပွကြီးက အေပေးလို့ ဆဲလိုက်ပြန်တယ်။ လှည့်ပြီး သွားဖျီးပြလိုက်တဲ့ အချိန်မှာပဲ ထမင်းစားဆင်းချိန် ခေါင်းလောင်း ခေါက်တယ်။

သူငယ်ချင်းတွေ ထမင်းချိုင့် ရှိသူက အတန်းထဲ ပြန်စား၊ အိမ်ပြန် စားမဲ့ လူတွေက အပြင်ထွက်သွား၊ မုန့်ဈေးတန်းမှာ ဝယ်စားမဲ့လူတွေက မုန့်ဈေးတန်းသွားနဲ့ တစ်ယောက် တစ်လမ်းစီ ရောက်ကုန်ကြတယ်။

လက်ပတ်နာရီကို မော့ကြည့်လိုက်တော့ ၁၂ နာရီတောင် ထိုးတော့မယ်။ မန်နေဂျာဟာ သိပ်စိတ်ပျက်စရာ ကောင်းတယ်။ သူ့ဟာသူ အပေါ်က မြန်မြန် မလုပ်နိုင်လို့ အလုပ်တွေ ပုံနေတာနဲ့ အောက်က လူတွေပါ လာလာပိတယ်။ ဘော့စ်က တခါတလေ လာလာ ပွမ်ချင်သေးတယ်။ တခါတလေတော့ ပွကြီး ဆဲသလို အေပေးကြီးတွေလို့ ဆဲချင်စိတ်တောင် ပေါက်လာသေး။ စိတ်ပျက်လက်ပျက်နဲ့ အိမ်သာထဲ တစ်ယောက်တည်း ဝင်ဝင်ထိုင်နေဖြစ်တယ်။ နေ့လည်စာ စားချိန်မှ ပြန်ထွက်တော့မယ်။

ရုံးအပြင်မှာမှ ဆေးလိပ် သောက်ရမယ် ဆိုလို့ ဆေးလိပ်တော့ ခိုးမသောက်ဖြစ်တော့ဘူး။ နံရံမှာလဲ သီရိထွန်းကို ချစ်တယ်လို့ မရေးဖြစ်တော့ပါဘူး။ အိမ်သာကတော့ အနံ့လေး သင်းသင်းလေးနဲ့ နံရံက ဖြူဖြူဖွေးဖွေးလေးရယ်။

Labels:

posted by Htoo Myat
5/04/2009

0 Comments:

Post a Comment

<< Home