<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

မမြင်နိုင်တဲ့သေတ္တာ

February 06, 2009



ညကတော့ အရင်လိုပဲ မှောင်ပေမဲ့ ငါ့အတွက်တော့ သုံးဆလောက် ပိုပြီး နက်မှောင်တယ်။ ပြတင်းပေါက် ခန်းဆီးဟာ အရင်တုန်းကထက် ပိုမှိန်တဲ့ အလင်းရောင်လေးကို ထိုးဖောက် ၀င်ခွင့် ပြုထားတယ်။ မပိတ်တော့ပါဘူး။ မင်းက ၀ရန်တာမီးလေးတော့ ဖွင့်ထားမှ အိပ်လို့ ပျော်နိုင်တာ မဟုတ်လား။ ငါကတော့ အလင်းရောင် ရှိရင် အိပ်မပျော်တတ်လို့ ငါ့အကျင့်အတိုင်း ဘေးကို စောင်းအိပ်လိုက်တဲ့အခါ လက်ကလည်း အလိုလို ဆန့်ပြီး မင်းကို ရှာနေမိပြန်တယ်။ ဘေးနားက ခေါင်းအုံးကိုပဲ စမ်းမိတော့ အစားထိုး အနေနဲ့ ခေါင်းအုံးကိုပဲ ဖက်ထားမိတယ်။ ငါ့ဘ၀မှာ ခုတော့ ငါနဲ့အတူတူ ခေါင်းအုံးလေးပဲ ရှိတော့တယ်။


မနက် ကားကို မနက် ၈နာရီလောက် ခေါ်ထားတော့ စောစောလေး အိပ်မှ ဖြစ်မယ်။ ငါ့ကို အိပ်ခွင့်ပြုပါတော့လို့ မင်းကို တောင်းပန်ချင်တယ်။ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေဟာ ငါ့အတွက် လွတ်မြောက်မှုကို မခံစားစေနိုင်ဘူး။ ငါကတော့ လွတ်မြောက်နိုင်မယ်လို့ ယုံတယ်။ မင်းရဲ့ အငွေ့အသက်တွေ၊ ပုံရိပ်တွေကနေ ငါ လွတ်မြောက်ချင်ပြီ။ ဒါပေမဲ့ ငါ တကယ်ပဲ လွတ်မြောက်ချင်တာလား ငါ့ကိုယ်ငါ လိမ်နေမိတာလား ဆိုတာကိုလည်း ကိုယ့်ဟာကိုယ် ဆုံးဖြတ်လို့ မတတ်ပြန်ဘူး။

မနက်ဖျန် မနက် နိုးလာရင် မင်းကြော်တတ်တဲ့ ထမင်းကြော် နံ့လေးကို ငါ အမြဲ ရပြန်ဦးမှာပဲ။ မီးဖိုဖက်ကို အရင်တုန်းကလိုပဲ ဗိုက်ဆာဆာနဲ့ ပြေးဝင်သွားမိပြန်ရင် မင်းကို ရှာမတွေ့သလိုပဲ မီးဖိုပေါ်မှာ ထမင်းကြော်အိုး ကိုလည်း ရှာမတွေ့ဘူး။ ငါ့ဟာငါ မကြော်တတ် ကြော်တတ်နဲ့ ကြက်ဥလေး ကြော်ပြီး မနေ့က ငါ နှစ်ယောက်စာ မှားချက်ထားလို့ ပိုနေတဲ့ ထမင်းကြမ်းတွေကို ဆီနဲ့ လှိမ့်ပြီးစားပြန်ဦးပေါ့ကွာ။

နောက် ရုံးသွားခါနီး ကျရင် အောက်ဆင်းခါနီး ငါကလွဲလို့ ဘယ်သူမှ ရှိမနေတဲ့ တိုက်ခန်းထဲကို ယောင်ပြီး နှုတ်ဆက်မိ ပြန်ဦးမှာ။ အောက်ကို ရောက်ပြန်ရင်လညှ်း တို့တိုက်ခန်းလေးကို ပြန်မော့ကြည့်ပြီး အခန်းက ခေါင်းလောင်း ကြိုးလေးကို မင်းများ ထွက်ကြည့်လေမလားလို့ ကြောင်ပြီး ဆွဲနေမိတာ ဘေးအိမ် ၀ရန်တာကနေ သူများ ထွက်ကြည့်မှပဲ သတိဝင်လာတော့တယ်။

ရုံးအပြန်ဆို ငါ အခွေဆိုင်ဝင်ပြီး မင်းကြိုက်တတ်တဲ့ ရုပ်ရှင်ကားလေးတွေ ငှားလာမိတယ်။ ရုပ်ရှင်က ရယ်စရာကောင်းတဲ့ ဇာတ်မြူးလေးပေမဲ့ ငါ့မှာ မျက်ရည်တောင် ၀ဲတယ်။ နှစ်ယောက် အတူ ကြည့်နေကျကို တစ်ယောက်တည်း ကြည့်ရတဲ့အခါ ရုပ်ရှင်က ဘာလို့များ လွမ်းစရာ ပိုကောင်းသွားသလဲ ဆိုတာ ငါ စဉ်းစားလို့ကို မတတ်တော့ပါဘူးကွာ။ တကယ်တော့ အလုပ်တွေ ဖိစီးလို့ တခါတလေမှ မင်းနဲ့အတူ ထိုင်ကြည့်ဖြစ်တာပါ။ တစ်ချိန်တုန်းက မင်း တစ်ယောက်တည်း ရုပ်ရှင် ထိုင်ကြည့်ခဲ့ရတဲ့ ညတွေဟာ ဘယ်လောက် အထီးကျန်မှန်း ငါ အခုမှပဲ နားလည် တတ်တော့တယ်။

မလွမ်းတတ်တဲ့ ရုပ်ကြီးနဲ့ မျက်နှာ တင်းတင်းထားပေမဲ့လည်း အိမ်နီးချင်းတွေရော၊ ရုံးက လူတွေရောကပါ ငါ့ကို သနားတဲ့ အကြည့်နဲ့ ကြည့်နေကြသလို ခံစားမိတယ်။ မင်းကို တခါတလေ သတိရဖြစ်သလားလို့ မေးတဲ့လူ ရှိရင် ငါ့မှာ လူရွှင်တော်များ အငြိမ့်မှာ ပျက်သလို မလွမ်းတတ်ပါဘူးကွာ လို့ ငိုသံကြီးနဲ့ ဖြေမိမှာစိုးလို့ မေးမဲ့လူ မရှိတာ ကျေးဇူးတင်မိတယ်။

ရုံးမှာ အလုပ်အဆင်မပြေတဲ့ အခါများဆို ငါ အိမ်ပြန်ရောက်လာရင် တစ်ခန်းလုံးကို ပတ်ပြီး တိုင်တည်စရာလူ လိုက်ရှာမိတယ်။ မင်း ရှိစဉ်တုန်းကဆို မင်း စိတ်ဝင် စားသလား မစားသလားမသိ ရေပက်မ၀င်အောင် ပြောပြနေမိခဲ့တာတွေပေါ့။

တစ်ခန်းလုံးကို လျှောက်ကြည့်ဖြစ်တဲ့ အခါဆို ၀ရန်တာပေါ်မှာ မင်းဝယ်ထားတဲ့ ပန်းအိုး သေးသေးလေးတွေ တန်းစီနေတာကို ငါတွေ့ရပြန်တယ်။ အလုပ်အားတဲ့နေ့မှ တူတူ စိုက်ကြမယ်နော် ဆိုပြီး ငါ ဘယ်တုန်းကမှ မအားနိုင်ခဲ့လို့ ဘယ်တုန်းကမှ မစိုက်ဖြစ်ခဲ့တဲ့ မင်းရဲ့ ပန်းအိုးလေးတွေပေါ့။ ဒါပေမဲ့ ငါ မနေ့က ရုံးပိတ်ရက်မှာ ရုံးက အလုပ်တွေ ယူမလာခဲ့ပဲ တစ်နေ့လုံး ငါ မစိုက်တတ် စိုက်တတ်နဲ့ စိုက်ခဲ့ပါတယ်ကွာ။

ခုတော့ ဒီပန်းပင်တွေလည်း ဒီအခန်းလေးနဲ့ပဲ ကျန်ခဲ့ပါတော့မယ်။ မင်းလိုပဲ ပန်းကြိုက်တတ်တဲ့ အိမ်ငှား မြန်မြန် ရောက်လာပြီး ငါ့အစား ဂရုစိုက် ပေးနိုင်ဖို့ ငါ မျှော်လင့်မိတယ်။ တကယ်တော့ ငါဟာ မင်းအတွက် ဘယ်တော့မှ အချိန်များများ မပေးနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ယုတ်စွ အဆုံး အခု မင်းရဲ့ ပန်းပင်လေးတွေကိုတောင် ငါ အချိန်မပေး နိုင်တော့ပြန်ဘူး။

အခုတော့ ငါတို့ အိမ်လေး တစ်လုံး ၀ယ်ဖို့ စုထားတဲ့ ပိုက်ဆံတွေဟာလည်း ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး။ ငါတို့ အိပ်မက်ခဲ့တဲ့ ပျော်ရွှင်စရာ ဘ၀လေးတစ်ခုဟာလည်း ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး။ တစ်ချိန်က လက်ရှိဘ၀ကို ပျော်ရွှင်အောင် မနေခဲ့ပဲ မရေရာတဲ့ အနာဂါတ်ကိုပဲ မျှော်မှန်းပြီး တစ်ချိန်လုံး အလုပ်နဲ့ နပမ်းလုံးခဲ့တဲ့ ငါ့ မိုက်မဲမှုတွေဟာလည်း အရည်မရ အဖတ်မရတွေပဲ ဖြစ်ကုန်ကြတယ်။ အမြဲတမ်း အတူတူရှိနေရအောင် လက်ထပ်ခဲ့ကြပေမဲ့ ငါတို့ဟာ တစ်အိမ်ထဲ နေကြပြီး ဝေးကွာခဲ့ကြတယ်။ မင်းကတော့ ဘာမှ မပြောခဲ့ပါဘူး။ အနာဂါတ်ကို မျှော်မနေပဲ အခု လက်ရှိဘ၀မှာ ပျော်ရွှင်အောင် နေရမယ် ဆိုတာကို ငါ့ဟာငါ သဘောပေါက်သွားတဲ့ အခါကျတော့ ငါ့ဘ၀မှာ ပျော်ရွှင်စရာ ဆိုတာ ဘာမှ မရှိတော့ပြန်ဘူး။

ညလယ်ကြီးမှာ မျက်လုံး အကြောင်သားနဲ့မို့ ရေကြည့်မိတော့ ငါတို့ နှစ်ယောက်ရဲ့ ပစ္စည်းတွေဟာ တော်တော်လေး များနေသလိုပဲ။ ငါ့အတွက်တော့ မနက်ဖျန်ဆို မင်းဓါတ်ပုံလေးပါ ထည့်ထားတဲ့ ငါ့ အ၀တ်အစားအိတ်လေး တစ်အိတ်ပဲ ပါသွားရင်တောင် လုံလောက်ပါပြီ။ အိမ်ထောင်သက် တိုတိုလေးမှာ ဒီလောက် များများ ပစ္စည်းတွေ ရှိခဲ့ပေမဲ့ ပျော်ရွှင်မှုတွေဟာ ဒါတွေရဲ့ တစ်ဝက် လောက်တောင် ရှိခဲ့မယ် မထင်ဘူး။ အားလုံးဟာ ငါ့အမှားတွေပါ။

နောင်ဘ၀သာ တကယ် ရှိမယ်ဆို ဒီအခန်းလေးကို ကျနော်နဲ့ ကျနော့် အမျိုးသမီး နောက် ဘ၀မှာ လာငှားတဲ့အချိန် အထိ လူငှား မတင်ပါနဲ့ဦးလို့ ငါ အိမ်ရှင်ကို ပြောမိမှာ။ ခုတော့ မင်းနဲ့ ငါတို့ရဲ့ အခန်းလေးကို ထားခဲ့ပြီး ငါ သွားတော့မယ်။

တကယ်တော့ တဖြည်းဖြည်း ပိုညဥ့်နက်လာတဲ့ ညသန်းခေါင်လိုပဲ ငါ့ကိုယ်ငါ ပိုပြီး နက်နက် ရှိုင်းရှိုင်း သဘောပေါက်မိသလို ရှိလာတယ်။ ငါ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေ ထဲမှာ မမြင်နိုင်တဲ့ သေတ္တာလေး တစ်လုံးပါ ပါတယ်။ အဲဒီ သေတ္တာလေးထဲမှာ မင်းအတွက် အလွမ်းတွေ၊ မင်းရဲ့ ပုံရိပ်တွေ၊ ငါ့ရဲ့ တာဝန် မကျေခဲ့မှုတွေနဲ့ ငါတို့ရဲ့ အမှတ်တရ လေးတွေ အားလုံးကို ထုပ်ပိုးထားတယ်။ ဒီသေတ္တာဟာ တကယ်တော့ ငါဘယ်နေရာကိုပဲ ပြောင်းပြောင်း ငါနဲ့ အတူ အမြဲတမ်း တွဲလျက် ပါနေမှာပါပဲ။ ငါ့ဘ၀ တစ်သက်လုံးမှာ ဘယ်တော့မှ စွန့်ပစ်လို့ မရနိုင်တော့မဲ့ သေတ္တာလေး တစ်လုံးပဲ ဖြစ်မှာပါပဲ။

မနက်ဖျန် မနက်ခင်းကျ အိမ်ရွှေ့ဖို့ ခေါ်ထားတဲ့ ကားကို ပြန်ခိုင်းလိုက်ပြီး အိမ်ရှင် အန်ကယ်ကြီးကို ကျနော် မပြောင်းဖြစ်သေးပါဘူးလို့ ပြောလိုက်ရင် ငါ့ကို ရူးများသွားပြီလားလို့ ထင်ပြီး ငေးကြည့်နေမလားပဲ။ ဒီလိုနဲ့ မှောင်နေတဲ့ညမှာ နာရီသံ တစ်ချက်ချက်ကြား ငါလည်း စည်းချက်မှန်မှန် အသက်ရှုပြီး ကိုယ့်ဟာကိုယ် အနားပေးလိုက်မိတယ်။

Labels:

posted by Htoo Myat
2/06/2009

0 Comments:

Post a Comment

<< Home