မပန်းခေတ်ဟာ သူ့ရဲ့ အိတ်ကလေးကို ဖွင့်မကြည့်ရသေးခင်ပဲ သူ့ပုလင်းထဲမှာ လမင်းမဟုတ်တဲ့ အာလူးလေး တစ်လုံး ရှိနေခဲ့တယ်။ အာလူးလေးလို့ ခေါ်တာကတော့ သူ့အာလူးက အာလူးစဉ်မမီလို့ပါ။ အာလူးခြင်း ယှဉ်ရင် သူက အနည်းငယ် သေးပေမဲ့ ဇီးဖြူသီးနဲ့ ယှဉ်ရင်တော့ ဆင်ပေါက်ဖြစ်ပါတယ်။ ပုရွက်ဆိတ် တစ်ကောင်ကတော့ သူ့ကို မျှော်လင့်ချက် ပေးစွမ်းနိုင်တဲ့ လမင်းကြီးလို့ ခေါ်မှာပဲ။
အာလူးစားတဲ့ ဘ၀ဟာ Van Gosh ကတောင် ပန်းချီဆွဲရလောက်တဲ့ အထိ ခမ်းနား ဆန်းကျယ်လှပါတယ်။ အဲဒီတုန်းက သူတို့အားလုံး ဗိုက်ဆာနေကြလို့ ဖြစ်နိုင်တယ်။ သို့ပေသော်လည်း ကျနော်တို့ မပန်းခေတ်ကတော့ အာလူးစားဖို့ စိတ်ကူးရှိပုံ မရဘူး။ အဲဒါကို Vodka ချက်သောက်ဖို့ကိုတော့ ရုရှားကြီး တစ်ယောက်က စိတ်ဝင်စားလောက်တယ်။ ဒါပေမဲ့ အာလူးရဲ့ ကံကြမ္မာဟာ ပုလင်းကို ဖွင့်ဖို့ တောင်းဆိုခဲ့တယ်။
မပန်းခေတ်မှာ ပုလင်း ရှိခဲ့တာ ကြာပြီ။ ပုလင်းကို ရှိတယ်လို့ မထင်ထားတဲ့ အချိန်မှာပဲ သူ့အိမ်ထောင့်ကနေ ရှာဖွေတွေ့ရှိခဲ့တယ်။ ပုလင်းကို အာလူးနဲ့ တိုင်းပြီး အာလူးတစ်လုံးဆန့် ပုလင်းလို့ ဆုမတောင်းခဲ့တာ မှန်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ (အာလူးရဲ့ကံလား၊ ပုလင်းရဲ့ကံလား၊ မပန်းခေတ်ရဲ့ကံလား) အာလူးဟာ ပုလင်းနဲ့ အကိုက် ဖြစ်နေခဲ့တယ်။
တံချူယူပြီး အာလူးဆွတ်ဖို့ သွားတဲ့လူနဲ့၊ အာလူးပင်ပေါ်တက်ဖို့ လှေကားယူတဲ့လူနဲ့ ဘယ်သူက ပိုတုံးပါသလဲ။ မပန်းခေတ် အာလူး မပြုတ်တတ်ခဲ့တာတော့ သေချာပါတယ်။ အဲဒီအတွက် မပန်းခေတ်ကို မရှုတ်ချပါနဲ့ အာလူးကိုသာ ရှုတ်ချပါ။ (ရှုတ်ချတာက လွဲပြီး ခများတို့က တခြား ဘာတွေကော လုပ်တတ်၊ လုပ်ပေးနိုင် သေးလို့လဲ) မပန်းခေတ်ဟာ အာလူးပြုတ်ဖို့ မွေးလာတာ မဟုတ်ခဲ့ပေမဲ့ အာလူးကတော့ အပြုတ်ခံဖို့ မွေးလာတာ ဖြစ်ဖို့များပါတယ်။
မပန်းခေတ်က လူသိနည်းပေမဲ့ ပြင်သစ် အာလူး ချောင်းကြော်ကတော့ လူသိပိုများတယ်။ ဒါပေမဲ့ နာမည်ကျော် အစားအစာထက် စာရင် လူမသိ သူမသိ စားသူ ဖြစ်ရတာက ပိုကောင်းတာပေါ့။ လူလူခြင်း ပြန်လည် စားသောက်တာ မခံရဖူးတဲ့ မပန်းခေတ်ကတော့ ဒီ အချက်ကို တန်ဖိုးထားပုံ မရပါဘူး။ အဲဒီလူတွေ အာလူး နင်ပြီး သေပါစေလို့ ဆုတောင်းခံရခြင်းတော့ ရှိပုံမရပါဘူး။ သူတို့မှာ နင်ရင် သောက်ဖို့ ရေအလုံအလောက် ရှိပါတယ်။
ရှေးတုန်းက ကမ္ဘာနှစ်လုံး ရှိခဲ့တယ်။ တစ်လုံးမှာ လူတစ်ယောက်စီ ရှိကြတယ်။ တစ်ယောက်က သူ့ကမ္ဘာမှာ ပန်းခင်းကြီးတွေ ပွင့်ဖို့ ပြောတယ်။ ဘုရားသခင်က ကောင်းချီးပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါ့အကြောင်း ၀ါဒဖြန့်ဖို့ ရဟန်းမင်း တစ်ပါး ထည့်ပေးလိုက်မယ်။ သူ့ကို မင်း တခါတလေ ခဲနဲ့ ပေါက်ချင်ရင် မထိရအောင် ကာဒီလက် ကျည်ခံ ကားကြီးတစ်စင်းပါ ထည့်ပေးလိုက်မယ် ပြောတယ်။ နောက်တစ်ယောက် ကတော့ အာလူးခင်းတွေပဲ လိုချင်ခဲ့တယ်။ ဘုရားသခင်က သူ့ကို ခေါင်းပုံဖြတ်ဖို့ အသီးအနှံ ကုန်သည် ဓနရှင် တစ်ယောက်ပါ အဆစ် ထပ်ထည့်ပေးလိုက်တယ်။
ပထမတစ်ယောက်က ငတ်သေသွားတယ်။ နောက်တစ်ယောက်က တစ်ကိုယ်တော် ကွန်မျူနစ်ပါတီ ထောင်ပြီး အဲဒီ ဓနရှင်ကို သတ်လိုက်တယ်။ သူ့အာလူးခင်းတွေကို သူ ပြည်သူပိုင်သိမ်းလိုက်တယ်။ နောက် သူ့ရဲ့ တကိုယ်တော် ကွန်မျူနစ်ပါတီ ထက်ခြမ်းကွဲတော့ သူလည်း စိတ်နှစ်ခွဖြစ်ပြီး ရူးသွားရှာတယ်။ နောက်ဆုံးတော့ ဘုရားသခင်ကပဲ ကမ္ဘာ နှစ်လုံးလုံးကို ပြန်သိမ်းပြီး နွားမွေးပစ်လိုက်လေရဲ့။
မပန်းခေတ်ကတော့ လူဖြစ်တဲ့အတွက် ဒီနွားတွေနဲ့ စကားပြောလို့ ဖြစ်မယ်မထင်ဘူး။ အာလူးကို အော်မေးတော့ ဆိတ်ဆိတ်နေခြင်းနဲ့ ၀န်ခံတယ်။ အာလူးကတော့ ဒီနွားတွေထဲက တစ်ကောင်လောက် ငါ့အိမ်ကို လာခဲ့ရင် ဟင်းချက်ကျွေးမယ်လို့ ဆိုတယ်။ နောက်ပြီး ပိဿာချိန်နဲ့ ရောင်းတာခြင်း တူတူ အမဲသားက ဘာလို့ ဈေးကြီးနေလဲ ဆိုတာကို ဆွေးနွေးမယ်လို့ ပြောတယ်။ အဲဒါနဲ့ မပန်းခေတ်ကတော့ အမဲသားနဲ့ အာလူး ချက်စားဖို့ပဲ စိတ်ကူးနေမိလေရဲ့...။
အိမ်က အာလူးကို စကားပြောကြည့်ပေါ့။ မပန်းခေတ်ရဲ့ အာလူး ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ပုလင်းထဲက ဘယ်လို ထွက်ပြီး နောက်ဇာတ်လမ်းက ဘာဆက်ဖြစ်တယ် ဆိုတာကိုလည်း မေးကောင်း မေးနိုင်မယ်။ အဲဒီ အာလူးက ဆိတ်ဆိတ်နေခြင်းနဲ့ ၀န်ခံရင်တော့ အဲဒါဟာ မပန်းခေတ်ရဲ့ ပန်းခေတ်က အာလူးပါပဲ။ အဲဒါဆိုရင်တော့ တစ်ခွန်း နှစ်ခွန်း မေးကြည့်ပါ။ ပြီးရင် အိုးထဲ ထည့်ပြုတ်လိုက်ပါ။ သူ့ရဲ့ နောက်ဆုံး အသုံးဝင်မှု အနေနဲ့ ခများကို အိုးထဲကနေ ပြုံးပြပါလိမ့်မယ်။
မြေကြီးထဲက ထွက်လာတဲ့ အာလူးဟာ အဆင့်ဆင့်ဖြတ်ပြီး နောက်ဆုံးအဆင့်၊ ခများရဲ့ အိမ်သာပိုက်ကနေ မြေထဲ ပြန်ဝင်သွားတယ်။ အံ့သြစရာ ကောင်းတာက မပန်းခေတ်ရော၊ ခများရော၊ ကျနော်ရော၊ အာလူးရော... အရာရာတိုင်းဟာ အဆုံးသတ်က သွားတူနေတာပဲ။ ခများတို့ ကျနော်တို့ နေနေတဲ့ ကမ္ဘာကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ်ဆို ရှိရှိသမျှ ပန်းခင်းတွေအတွက် တရားဟောဆရာတွေနဲ့ သူတို့ကို ကာကွယ်ပေးမဲ့ အရာတွေ ပေးခဲ့ပြီး အာလူးခင်းတိုင်းအတွက် ဓနရှင်တွေ ပေးခဲ့မယ်ထင်တယ်။ နောက်ဆုံးတော့လည်း သူတို့ကလည်း မပန်းခက်တို့ ၀ိုင်းသတ်လို့သေ... ကျနော်တို့ အားလုံးသည်လည်း သေကုန်ပြီး ကမ္ဘာကြီးလည်း နွားစားကျက်ပဲ ဖြစ်သွားမှာပါပဲ။
အာလူးကတော့ ဆိတ်ဆိတ်နေခြင်းနဲ့ ၀န်ခံတယ်။

Labels: short stories
0 Comments:
Post a Comment
<< Home