<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(//www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttps://htoomyat-shortstories.blogspot.com/\x26vt\x3d6038564317220257732', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

အရှင် ကုမာရ

February 28, 2008




ငယ်ငယ်ကတည်းက ငါ အမြဲ ကိုယ့်ဟာကိုယ် မေးမိတဲ့ စကားတစ်ခွန်း ရှိခဲ့တယ်။ ပြည့်စုံတယ် ဆိုတာ ဘာလဲ လို့ပေါ့။ ငါ့ဘ၀မှာ ဘယ်တုန်းကမှ အဲဒီအဖြေ မရခဲ့ပါဘူး။ ငါ့ အဘ အဲ... ငါ့ခမည်းတော် ဦးလှဒွေး လည်း မဖြေနိုင်ခဲ့ဘူး၊ မယ်တော် ဒေါ်ဘုမလည်း မဖြေနိုင်ခဲ့ဘူး။ နင်လည်း မဖြေနိုင်ခဲ့ပါဘူး မိအေး။ ငါ့ကို ပတ်ဝန်းကျင်က ပေးခဲ့တဲ့ အဖြေကတော့ ဘ၀ဟာ ဘာလဲ ဆိုတာပါပဲ။

အခုလို သစ်သားကြမ်းခင်းပေါ် ဖျာတစ်ချပ်နဲ့ အိပ်ရတာထက် ငါ့ အရင် တဲစုတ်လေးက ၀ါးကပ်ကြမ်းခင်းပဲ ဖြစ်ဖြစ် ဒါ့ထက် ကြမ်းတမ်းတဲ့ နေရာပဲ ဖြစ်ဖြစ်၊ ငါတမ်းတမိတယ်။ ဘ၀ တစ်လျှောက်လုံးမှာ ဒီလို အေးအေးချမ်းချမ်း မနေဖူးသေးတော့ ငါနဲ့ မကိုက်ဘူးလေ။ ငါ့နှယ် ဆင်းရဲဇာတာ ပါလို့လားမသိ၊ ဒီလို နေရတာ နေလို့ကို မထိဘူးလေ...။ ဆရာတော်ကြီးက ငါ့ကို သူမရှိတော့တဲ့ နောက်ပိုင်း ဒီရွာကျောင်းမှာ ကျောင်းထိုင် ဖြစ်စေချင်တာကို ငါသိတယ်။ သူ့ကို အားနာလို့ပဲ ငါ ဆက်နေဖြစ်တာ။

စစချင်း တစ်လလောက်က ညနေ စောင်းပြီဆို ငါ လေချဉ်တွေ ပျို့တက်လာပြီး အရမ်း သောက်ချင်လာတာပဲ။ ဘယ်လိုမှကို ထိန်းလို့ မရဘူး။ ဆရာတော် တရားဟောလည်း အလကားပဲ။ အခုတော့ ငါ အဆင်ပြေသွားပါပြီ။ အရင်ကဆို ငါ့ ဘ၀ တစ်လျှောက်လုံး အရက်နဲ့ ကင်းမှ မကင်းခဲ့တာပဲ။ အဲ... ဘ၀ တစ်လျှောက်လုံး ဆိုတာ ငါ့ မိဘတွေ ဆုံးသွားပြီးမှပါ။ ငါ ကိုယ့်ဝမ်းကိုယ် ကျောင်းရတဲ့ အခါမှပါ။ အဲဒီနေ့ ညတုန်းက ငါတို့က အရက်ဆိုင်ကို အသွားမှာပေါ့။ နင့်ကို တွေ့ခဲ့မိတာဟာ ငါ့ ဘ၀ရဲ့ ပထမဦးဆုံး ကျေနပ်စရာ ကောင်းတဲ့ အချက်လေးပဲ မိအေး။ မနေ့ တစ်နေ့က လိုပါပဲကွာ...။ တကယ်ဆို အခုချိန် မင်းတို့လို မာတုဂါမတွေ အကြောင်းကို မတွေးသင့်ဘူးပဲ။ ငါ့စိတ်ကိုထိန်းမှ။ ကျောကလည်း ပူလိုက်တာဟဲ့...။ ငါ လူ့ဘောင်မှာ တုန်းက ဒီလို ရာသီမျိုးဆို ငါ အင်္ကျီချွတ်နဲ့တင်မက လုံချည်လှန်ပြီးတောင် အိပ်လိုက်သေးတယ်။ အခုတော့ ငါ့နှယ် သင်းပိုင်ကြီးနဲ့၊ အတော်ကို ပူတာပဲ။ တော်သေးတာပေါ့ ဘေးမှာ ယပ်တောင်လေး ရှိတာ။

ငယ်ငယ်ကတည်းက ရုန်းကန်လာရတော့ အခုလို ရွာလှည့် ဆွမ်းခံစားရတာ ငါ့အတွက် ဘ၀ဟာ အခု အရမ်းကို လွယ်လွန်း နေတော့ နေမထိ မထိုင်သာတောင် ဖြစ်မိတယ်။ ငါဆို ဟိုး ငယ်ငယ် အသက် ခုနှနှစ် သားလောက် ကတည်းက အဘနဲ့ အတူ လယ်ထဲလိုက်ပြီး နွားလိုက်ကျောင်းခဲ့ရတယ်။ မနေ့ညနေကတောင် ကျောင်းကို ဒကာမကြီး တစ်ယောက်လာတုန်း သူ့သားတွေ ပျင်းတဲ့ အကြောင်း၊ ဆိုးတဲ့အကြောင်းတွေ ပြောသွားလို့ စိတ်ထဲ ပြန်သတိရမိသေး။ ငါတို့တုန်းကလိုများ နေရရင် ဒီကလေးတွေ ဘယ့်နှယ့်နေမလဲ လို့ပေါ့။ ငါ ငယ်ငယ်တုန်းက ငါးနှစ်၊ ခြောက်နှစ်၊ ခုနှနှစ်၊ ရှစ်နှစ်၊ ကိုးနှစ် အဲဒီ ငါးနှစ်လုံးလုံး ဒီကျောင်းမှာ စာသင်ခဲ့ရတာလေ။ ငါပြန်ရောက်တော့ ဆရာတော်ကြီးကိုတောင် မနဲ မှတ်မိအောင် ကြည့်ယူရတယ်။ သူကတော့ လူကြီးမို့လားမသိ မှတ်မိပါတယ်။ ဒကာကြီးလှဒွေးသား မဟုတ်လားတဲ့...။

ရွာမှာ မိုးအကြီးအကျယ် ခေါင်တဲ့နှစ်က ငါ့ကိုမွေးတယ်။ ငါကတော့ အောင်ဘုတို့ ဒွေးလေး ဆုံးတဲ့နှစ်လို့ပဲ မှတ်ထားတယ်။ ကြီးတော် သာလှရဲ့ သားကြီး ခွေးပု ရှင်ပြုတဲ့ နှစ်ပေါ့။ ငါ ဆယ်နှစ်သားတုန်းကမှ ငါတို့ မိသားစု ရွာကို စွန့်ခဲ့ရတာပါ။ တိုင်းပြည်က ဘာဖြစ်ဖြစ် ငါတို့ တောသားတွေပဲ ခံရတာ ဆိုသလို၊ အဲဒီတုန်းက ဆိုရှယ်လစ် အစိုးရ ဆိုလားပဲ။ ငါ့အဘတို့ စိုက်သမျှ စပါးတွေကို သူတို့ကိုပဲ ရောင်းရတယ်။ ဈေးကလည်းနည်း၊ ငါတို့ လယ်သမား လုပ်နေပြီး စားဖို့တောင် မရှိတော့လို့ လယ်လေးကို ရောင်းပြီး မြို့ကြီး တက်ခဲ့ကြတာပေါ့။ ငါမမွေးခင် ပြည်တော်သာ အစိုးရခေတ်က အေးအေးချမ်းချမ်း နေခဲ့ရတာတွေဟာ ငါ့အဘ ပြောခဲ့တဲ့ ယုံတမ်းပုံပြင်ထဲက တစ်ခုလိုပဲ ကျန်ခဲ့တာပေါ့။ အဲ... လယ်ဆိုတာ၊ လယ်ကွက်ရော၊ အိမ်ရော... ငါတို့ နွားလေး တစ်ယှဉ်းရော ပါတယ်လေ။ အဲဒီတုန်းက တို့နွား ငနက်ကြီး ငါ အခုထိ မှတ်မိသေးတယ်။ ကိုယ်တိုင် ကျောင်းခဲ့ရတာဆိုတော့ သံယောဇဉ် ရှိတာကိုး၊ ရောင်းရတဲ့ နေ့က ငါ့မှာ အရမ်း ငိုရလွန်းလို့ တက်တောင် တက်သွားတယ်လို့ အမက ပြန်ပြောပြတယ်။

အမ အဲ... မယ်တော်... တော်ပါပြီကွာ... ခေါင်းမူးတယ်။ ငါ လူလိုပဲ ပြောတော့မယ်။ ဘုန်းကြီးစကားနဲ့ သိပ် မရင်းနှီးသေးတော့ ပြောရခက်တယ်။ အင်း... ငါ့အမ အကြောင်း ပြောရင် ငါ စိတ်မကောင်းဘူး။ သူ့ခမျာ ရွာမှာ ပြန်ပြီး ခေါင်းချသွား ချင်ခဲ့တာ...။ ငါတို့လည်း မြို့သာ တက်သွားတယ်။ ဟိုမှာလည်း ဘာမှ မထူးပါဘူး။ ငတ်တာက ဆက်ပြီး ငတ်နေတုံးပါပဲ။ ငါတို့တွေ ကွက်သစ်တွေမှာ နေရာ လိုက်ရှာပြီး တဲစုတ်လေးထိုး၊ သားအမိ သားအဖ သုံးယောက် နေကြပေါ့။ အဘခမျာမယ် ပင်ပင်ပမ်းပမ်းနဲ့ ပွဲရုံမှာ ပဲအိတ် ၀င်ထမ်းခဲ့ရတယ်။ သူ အမြဲပြောတာကတော့ ငါက လယ်သမားကွ၊ ငါ ခံနိုင်ရည် ရှိပါတယ် ဆိုလားပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့လဲ စိတ်ပျက်လာပြီး ခံနိုင်ရည် ပိုရှိအောင် ကြိုးစားရာကနေ အရက် သောက်တတ်လာရောပေါ့။ အစကတော့ နဲနဲ နဲနဲချင်းပဲ။ နောက်ကျတော့ သူလည်း အရက်သမားကြီး လုံးလုံး ဖြစ်သွားတယ်။ ငါ့အမလည်း စိတ်တွေ ညစ်တာပေါ့။ အကျိုးဆက်ကတော့ ငါလည်း သူ့ကို တွဲခေါ်ပြီး အိမ်ပြန်လာဖို့ကို ညဖက် အရက်ဆိုင်မှာ သွားသွား စောင့်ရရင်းကနေ၊ အမြည်းလေး နှိုက်စားတတ်လာတာပေါ့။ ဒါပေမဲ့ အဘက ငါ့ကို ဘယ်တုန်းကမှ အရက် မတိုက်ခဲ့ပါဘူး။

တစ်နေ့ ငါ့အဘ အရက်သောက်ပြီး ပြန်လာတော့ အိမ်မှာ ဆန်မရှိတဲ့ ကိစ္စက စပြီး ငါ့အမနဲ့ ရန်ဖြစ်တယ်။ အမက အဘကို အပြင်မှာပဲ အိပ် ဆိုပြီး အပြင်က ကွပ်ပစ်လေးမှာ ထားခဲ့တယ်။ မနက်ကျတော့ အဘကို နှိုးလို့ မရတော့ဘူးလေ။ အဘရက်လည် ညမှာ ငါ့ကို အမက ပြောတယ်။ သူ့ကလှည့်ကျ ရွာမှာပဲ ခေါင်းချချင်တယ်တဲ့။ အဘသေပြီး ငါးနှစ်လောက် ကြာတော့ အမေလည်း ဆုံးတာပါပဲ။ အမဆုံးတော့ သူ့ ခေါင်းအုံးထဲ ထည့်ချုပ်ထားတဲ့ ငွေလေး သုံးဆယ်ပဲ ငါ့ကို ပေးနိုင်ခဲ့တယ်။ “သား... ရွာပြန်ပါတဲ့...” ငွေသုံးဆယ်နဲ့ ရွာပြန်လို့ မရတော့တာကိုတော့ မသေခင် နှစ်နှစ်လောက် အိမ်ထဲပဲ နေနေရလို့ မသိတဲ့ အမကို ငါ စိတ်ဆင်းရဲမှာစိုးလို့် ငါမပြောခဲ့ဘူး။ ငါ အမကို ရွာပြန် မသယ်နိုင်ခဲ့ပါဘူး။ အင်း... အခုဆို ငါ့ မယ်တော်ခမျာမယ် အရိုးတောင် ဆွေးနေလောက်ပါပြီလေ။ ကိုယ့်ဟာကိုယ်ပဲ အဲလို ဖြေပြီး တွေးရတာပါပဲ။

နင်နဲ့ တွေ့ရတုန်းက ငါ သင်္ဘောဆိပ်မှာ ကုန်ထမ်းနေတုန်းကပေါ့ မိအေး။ ငါ့မှာလည်း ဒီဒုက္ခတွေကို ငါ့ တစ်ယောက်တည်းပဲ သိမ်းကြုံး ခံစားချင်ခဲ့တာပါ။ မင်းကိုပါ ဆွဲထည့်ဖို့ကို ငါ ဘယ်တော့မှ မကြံစည်ခဲ့မိပါဘူး။ ဒါပေမဲ့ မင်းကို ငါ ဖွင့်ပြောဖြစ်ခဲ့တယ်။ ကိလေသာ ဆိုတာကလည်း အခက်သားကလား... အဲဒီနေ့က ငါလည်း ကုန်သွားမထမ်း၊ မင်းလည်း ကွမ်းယာ သွားမရောင်းတော့ပဲ နှစ်ယောက် စလုံး လျှောက်လည်ကြတာလေ...။ ငါ အခုထိ သတိရသေးတယ်။ ငါတို့ တတ်နိုင်တာကတော့ ဗီဒီယို ရုံထဲသွားပြီး မြန်မာကား ကြည့်ကြရုံပဲပေါ့။ အဲဒီတုံးက ငါ အလုပ်ပင်ပမ်းလို့ နဲနဲလေး သောက်တတ်လာပြီလေ ငါတို့ ဆင်းရဲသား ဘ၀မှာ ဖျော်ဖြေစရာ ဆိုလို့ ဒါပဲရှိတာကိုး။ ဒါပေမဲ့ ငါ နင့်ကို ဒေါ်ဖွားပု အပ်ချုပ်ဆိုင်က အပ်ထည်အကျလေး တစ်ထည်လောက် ၀ယ်ပေးချင်လို့ ငါ သုံးရက်လောက် မသောက်ပဲ စုလိုက်သေး... ဟေးဟေး...။

မင်းနဲ့ ငါနဲ့ လက်ထပ်တုံးကဆို ငါ့ ဘောတံတားက ကောင်တွေကော နင့်သူငယ်ချင်း ဈေးသည်တွေကော ခေါ်ပြီး လဘက်ရည်ဆိုင်မှာ မုန့်ကျွေးတယ်လေ။ ငါတို့က တစ်ယောက်ကို လဘက်ရည် တစ်ခွက်နဲ့ အီကြာကွေး တစ်ချောင်းပဲ ကျွေးနိုင်လို့ သူတို့က ပူညံပူညံ လုပ်နေကြသေးတယ်။ ဒါပေမဲ့ ငါတို့ သား မောင်လှဌေးလေး ကင်ပွန်းတပ်တုန်းက သူတို့ကို ဆီထမင်း ထိုးကျွေးတာကျတော့ ကြိုက်တတ်လိုက်ကြတာ... ဟားဟားဟား... စားတာမှ စကားတောင် ပြန်မပြောနိုင်ကြဘူး ။

မင်းဟာ တကယ့် မယားကောင်း တစ်ယောက်ပါကွာ... ငါသာ လင်ကောင်း တစ်ယောက် မဖြစ်ခဲ့တာပါ။ မင်းကိုငါ ပေးသမျှ ပိုက်ဆံလေးနဲ့ လောက်အောင် နေတယ်။ ငါ့ကို ဘယ်တော့မှလဲ နားပူနားဆာ မလုပ်ခဲ့ဘူး။ သား တစ်ယောက်သာ ရတယ်၊ မင်းနဲ့ ငါနဲ့ ဘာမှ ပြဿနာ မတက်ခဲ့ဘူးနော်... အဲ... တစ်ခုက လွဲလို့ပေါ့။ ငါ အရက် သောက်တယ်ဆိုတာ ပင်ပမ်းလို့ပါ မိအေးရယ်။ ငါ အစက နဲနဲ သောက်တာနဲ့ မူးတယ်။ ကြာလာတော့ ငါ ထုံလာပြီး များများ သောက်မှ မူးနိုင်လို့ပါ။ အိမ်မှာလဲ နင့်ပိုက်ဆံနဲ့ လောက်တာပဲဟာ... ငါတို့ ရန်ဖြစ်ခဲ့ကြတာ အရက်ကြောင့်ပဲ ရှိတယ်နော်။ ဒါပေမဲ့ နင်က ဘယ်တုန်းကမှ ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား မအော်ခဲ့ပါဘူး။

နင့်ကို ပါးရိုက်မိတဲ့ ညက ငါ သိပ်မူးနေခဲ့လို့ပါ မိအေး။ နောက်နေ့ကျ သားလေးကို လက်ဆွဲ ထန်းခေါက်ဖာလေး ရွက်ပြီး အိမ်ဝင်းထဲက ထွက်သွားတဲ့ နင့်ပုံကို ငါ့တစ်သက် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး။ အဲဒါ နင်နဲ့ သားလေးကို နောက်ဆုံးတွေ့ရတာမှန်း သိရင် ငါ နင့်ကို လှမ်း အော်ခေါ်ပါတယ် မိအေးရယ်... တကယ်ပါ။ နင်နဲ့ သားလေး နင်တို့ ရွာကိုလဲ မရောက်တော့ဘူး။ ငါ့ဆီကိုလည်း ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတာကို တစ်ပတ် ကြာမှ ငါသိခဲ့တာပါ။ ဇီဇ၀ါ သဘောင်္ကို ငါ ကုန်ထမ်းရင်းနဲ့ တက်တက် သွားနေကြပဲ။ နင်တို့ ပါတဲ့ အခေါက်မှ နစ်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်မိခဲ့ဘူး မိအေး...

ရွာပြန်ရောက်ပြီးတော့ ငါ ရွာဦး ဘုန်းကြီးကျောင်းကို တန်းသွားတယ်။ ရှေ့မီ နောက်မီ လူကြီးတချို့က လွဲလို့ ငါ့ကို ဘယ်သူမှ မသိကြတော့ဘူးလေ။ ငါ တည်းစရာ အိမ်လည်း မရှိတော့ဘူး။ သူကြီးကလည်း ငါတို့ ငယ်ငယ်က မြို့တက်ပြီး ကျောင်းသွား တက်နေခဲ့တာဆိုတော့ ငါ့ကိုမသိဘူး။ ငယ်ငယ်တုန်းက ငါ့သူငယ်ချင်း ပေစိ တို့ ရွှေမိတို့ ဂွတိုတို့လည်း တစ်ရွာ မပြောင်း သူကောင်းမဖြစ် ဆိုသလိုပဲ ငါတို့နဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ မိသားစုလိုက်ကို ပြောင်းသွားကြတယ်တဲ့... ငါတို့ မိသားစုကတော့ သေချင်တဲ့ကျား တောပြောင်းခဲ့တာပါကွာ...

နောက်... ငါ့ဘ၀ အကြောင်းကို ဆရာတော် ဘုရားကို ပြန်ပြောပြတော့၊ “ဟဲ့... ဘိုးခေါင်... နင် လူ့ဘုံမှာ ပျော်မွေ့နေ သရွေ့တော့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ နေရဦးမှာပဲ... အင်း... နင်တို့လို ပုထုဇာဉ်တွေဟာလည်း ကိလေသာမှာမှ ပျော်မွေ့ချင်ကြတာကလား...” လို့ မှတ်ချက်ချတယ်။ နောက် အကြာကြီး တိတ်နေပြီး “ငဘိုးခေါင်... သံသရာက မလွတ်သရွေ့ နောက်ဘ၀တွေ ဘ၀တွေမှာလဲ နင် ဒီလိုပဲ ကြုံတွေ့နေရဦးမှာပဲ။ ဟဲ့အကောင် ငါကူညီနိုင်တာ တစ်ခုတော့ ရှိတယ်။ သာသနာ့ဘောင် ၀င်ချင်သလား...” လို့ ငါ့ကိုမေးတယ်။ ငါ့မှာ ဘယ်လို ပြန်ဖြေရတော့မှာလဲ မိအေး... ငါ့ဘ၀မှာ ဘယ်သူမှမှ မရှိတော့ပဲဟာ...

ဟာ... ကလားတက် ခေါက်ချိန်တောင် ရောက်ပဟေ့ လူးလဲ ထရဦးမယ်လေ။ တော်ပါပြီလေ၊ ကပ္ပိယကြီးက တစ်ကျောင်းလုံး ကြားလောက်တဲ့ သူ့အသံပြဲကြီးနဲ့ ရှင် ကုမာရ... ရှင် ကုမာရ... လို့ လာအော်နှိုးမှပဲ ထပါတော့မယ်လေ။ လင်းကြက်တွေ တွန်တဲ့အသံ ဒီနေ့မှ ပိုသာယာနေသလိုပဲရယ်၊ အင်း... ငါ့ အခုဘ၀ဟာ အေးချမ်းလှပါကလား...

Labels:

posted by Htoo Myat
2/28/2008

0 Comments:

Post a Comment

<< Home