ကောင်းကင်မှာ မှိတ်တုတ် မှိတ်တုတ်လေး မြင်ရင် ဒုံးပျံပဲ။ ကျနော် ကာတွန်း စာအုပ်ထဲ မြင်ဖူးတဲ့ ဒုံးပျံက ပြောင်းဖူးလို ကိုယ်ထည်ရဲ့ အောက်ခြေနားမှာ ငါးမန်းအမြီးလိုမျိုးလေး သုံးခုနဲ့ပေါ့။ တီဗီထဲက ဒစ်စကာဗာရီ လာတုန်း မြင်ဖူးလိုက်တာကတော့ ဘေးမှာ တိုင်လေး တစ်တိုင်နဲ့ ဒုံးပျံ ကို ကပ်ထားတာ။ ဒုံးပျံ နှစ်လုံးတွဲကြီး ပေါ်မှာမှ အာကာသယာဉ်လေးပေါ့။
ကျနော်ကတော့ ဒုံးပျံ ဆိုတာကိုပဲ ယုံတယ်။ ကိုတုတ်က အာကာသယာဉ်လို့ ပြောတာကို ကျနော် ဘယ်လိုမှ မခံချင်ဘူးဗျ။ အဲဒါနဲ့ ရန်ဖြစ်ခါနီးမှာမှ ဆရာက ၀င်ပြီး အောက်ကဟာက ဒုံးပျံ၊ အပေါ်ကဟာက အာကာသယာဉ် လို့ ပြောပြတယ်။ အဲဒီတော့မှ ကျနော်ကလည်း ကျေနပ်တော့တာ။ ဒုံးပျံက အစွမ်းလည်း ပိုထက်တော့ ပို အကောင် ကြီးတာပေါ့လေ။
လူတွေက အာကာသယဉ်နဲ့ပဲ သွားတာဆိုတော့ ကျနော်က ဒုံးပျံကို ပထမဆုံး စီးဖူးတဲ့လူ ဖြစ်ချင်တာ။ လှဌေးတို့ အေးမောင်တို့က ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ ပြောပေမဲ့ ကျနော်က အမြဲ ဒုံးပျံ အာကာသ သူရဲကောင်း ဖြစ်ချင်တယ်လို့ ပြောတယ်။ အဖေကတော့ စစ်ဗိုလ်ကြီး ဖြစ်အောင် လုပ်လို့ပဲ ပြောနေတာပဲ။ ကျနော်ကတော့ အားတဲ့အချိန်တိုင်း ကျနော့် ကွန်ပါဘူးလေးကို ထောင်၊ ခဲတံ နှစ်ချောင်းကို သရေပင်နဲ့ ပူးချည်ပြီး ဒုံးပြန်လွှတ်နေတာပဲ သဘောကျတယ်။ တခါတလေ စာအုပ်ကို ခလယ်က ဖျဲပြီး လေယဉ်ပျံ ခေါက်ပြီး လွှတ်နေတာပဲ။ ဒုံးပျံလို ရှည်ရှည်လေး ခေါက်ပြီး လက်နှစ်ဖက်နဲ့ လွှတ်ရတာကတော့ ပက်ပက်စက်စက် မြန်တာပဲ။ ကျနော် သိပ်သဘောကျတာပေါ့။
ကျောင်းမှာ မီးပုံးပျံ ဦးကျော်ရင်အကြောင်း သင်ရတော့ ကျနော် တော်တော်လေး စိတ်ဓါတ် တက်ကြွတယ်။ ဒီလို မီးပုံးပျံ စီးရတာတောင် တော်တော်ပျော်စရာ ကောင်းမယ်ဆို ဒုံးပျံပေါ်စီးရရင် ဘယ်လောက်များ ပျော်စရာ ကောင်းလိမ့်မလဲ ဆိုတာကိုပေါ့။ ကျနော်က ဒုံးပျံပေါ်ကနေ အဖေ့ကို တာ့တာ လှမ်းပြမှာ။
ကျနော် အိမ်က စောင်တွေကို ကျနော့်ကိုယ်ပေါ်ပတ် ရေပုံးကြီး တစ်ပုံးကို ခေါင်းစွပ်ပြီး အာကာသထဲ နေဖို့ လေ့ကျင့်တယ်။ အာကာသထဲမှာဆို လေမရှိဘူးပြောလို့ ကျနော် အသက်အောင့်တာ လေ့ကျင့်နေတာတောင် တော်တော်ကြာကြာရနေပြီ။ သူများတွေက လပေါ် ရောက်ပြီးသွားပြီလို့ ကြားဖူးတော့ ကျနော်က ကျနော့် ဒုံးပျံနဲ့ နေဆီကို သွားချင်တာ။ နေပေါ်မှာ အမေရှိနေမယ်လို့ ကျနော်ထင်တယ်။ အဖေပြောတဲ့ စိတ်ထားကောင်းရင် ရောက်တဲ့ နတ်ပြည်ဆိုတာ နေပဲ နေမှာပါပဲ။ ဒါပေမဲ့ အဲဒီပေါ်မှာ ပူမယ်ဆိုတော့ ကျနော့် အာကာသ ၀တ်စုံမှာ ရေဆွတ်သွားမှာပေါ့။ ဒါမှမဟုတ် ကျနော် ရေခဲသေတ္တာ အကြီးကြီးကို ဒုံးပျံထဲ ထည့်ထားပြီး အဲဒီထဲ ၀င်နေရင် ကောင်းမယ်လို့ တွေးမိတယ်။
အမေနဲ့ ကျနော် နှစ်ယောက်စာ ဆန့်တဲ့ ရေခဲသေတ္တာကြီး ရှိမှ အမေ့ကိုပါ ပြန်ခေါ်လာလို့ ရမယ်လေ။ ညနက် လာတာနဲ့အမျှ ခေါင်မိုးပေါက်မှာ ကြယ်တွေ စုလာသလို အဖေ့ ဟောက်သံကလည်း ပိုပိုကျယ်လာတယ်။ ကျနော် ဘယ်အချိန်က အိပ်ပျော်သွားတယ် ဆိုတာကို မမှတ်နိုင် လိုက်ခင်မှာပဲ ကျနော်ဟာ ဒုံးပျံထဲကို ရောက်သွား တော့တယ်။
တကယ်တော့လည်း ကျနော့် ကောင်းကင်က ဒုံးပျံတွေဟာ ကြယ်တွေလိုပဲ မနက်လင်းတော့ ပျောက်ကွယ် ကုန်ကြတယ်။
ဒုံးပျံ အာကာသ သူရဲကောင်း ဘ၀ကို ပြည်ဖုံးကား ချလိုက်တော့လည်း တက်ကဆီ မောင်းရတာက ပိုသာသလိုလို ထင်မိပြန်တယ်။ အာကာသ သူရဲကောင်းကြီးရဲ့ တာ့တာ ပြမှုတာကို မမြင်နိုင်တော့ပဲ အဖေဟာလည်း အမေ့ နောက်ကို လိုက်သွားတယ်။
စစ်ဗိုလ်ကြီးလည်း မဖြစ်ခဲ့တဲ့ အဖေ့ရဲ့သားဟာ တခါတလေ ညဖက် အငှားလိုက်ရင်း ကောင်းကင်ကို မော့ကြည့်မိရင် တလက်လက် တောက်ပနေတဲ့ ကြယ်တွေကြားမှာ ဒုံးပျံ တစ်ခုကို တွေ့လိုက်သလိုပဲ။ ဒုံးပျံကို တွေ့တယ်ထင်တိုင်း ကျနော့ ခေါင်းကို ပြန်ပြန်ငုံ့ချ လိုက်မိတယ်။ ဒါပေမဲ့ ကျနော် ဒုံးပျံ စီးချင်ခဲ့တဲ့ ကောင်းကင်ကိုလည်း မကြည့်ပဲ မနေနိုင်ပြန်ပါဘူး။ ခဏနေတော့ နောက်ဒုံးပျံတစ်ခုကို ထပ်ရှာ နေပြန်တယ်။
တခါတလေမှာ လက်ညှိးနဲ့ထောက်ပြီး ဒုံးပျံတွေကို ရေတွက်မိတယ်။ အဲဒီဒုံးပျံတွေဟာ ကြယ်လေးတွေပဲ ဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ကျနော် ဂရုမစိုက်ပါဘူး။
ကောင်းကင်မှာ မှိတ်တုတ် မှိတ်တုတ်လေး မြင်ရင် အဲဒါဟာ အိပ်မက်တစ်ခုပါပဲ။ ကံကောင်းရင်တော့ အဲဒီ အိပ်မက်လေး ကြွေကျလာတာကို ကိုယ်တိုင် မြင်ရပါလိမ့်မယ်။

Labels: short stories