<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

ထူးမြတ်၏ ၀တ္ထုတိုများ

June 10, 2009




ကျနော့် ပုဂ္ဂလိက blog ဖြစ်တဲ့ htoomyat.blogspot.com မှာ ရေးသားနေရာက ၀တ္ထုတို ဆယ်ပုဒ် ပြည့်သွားခဲ့ပြီး ဖြစ်တဲ့အတွက် ၀တ္ထု အပုဒ်ရေတွေ တိုးတက်လာဖို့လည်း ရှိတော့ အဆင်ပြေပြေ ရှာဖွေ ဖတ်ရှုနိုင်ကြဖို့ ဒီ ၀တ္ထုတို Blog ကို တင်ပါတယ်။ Copyright အတွက် အလုပ်ရှုပ်မည့် အရေးအတွက် ကိုယ်ပိုင် ဓါတ်ပုံများကိုသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဓါတ်ပုံများသည်လည်း ထူးမြတ် copyrighted အဖြစ် အလိုလျောက် သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိစေအပ်ပါတယ်။

ကျနော် ထူးမြတ်၏ ၀တ္ထုတိုများနှင့် ဓါတ်ပုံများကို စာအုပ်မှာ ဖြစ်စေ၊ World wide web ရဲ့ တစ်နေရာရာမှာ ဖြစ်စေ ပြန်လည် ဖော်ပြလိုခြင်း ရှိပါက...
htoomyat.shortstories@gmail.com ကို email ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

ဒီ Blog ကို ၁ရက် ၃လ ၂၀၀၈ ခုနှစ်မှာ စတင်ပါတယ်။

တင်ခဲ့ပြီးသော ၀တ္ထုတိုများ...


Labels:

posted by Htoo Myat
6/10/2009

သစ်ရွက်လမ်း


ရုံးကနေ အရင်လိုပဲ ပြန်လာခဲ့တယ်။ အခုချိန် ညနေခင်းရဲ့ ကောင်းကင်ကို မော့ကြည့်တဲ့ အခါ လမ်းဘေးနား သစ်ပင်ကြီးတွေ ဆီကနေ သစ်ရွက်တွေ ကြွေကျနေတာကို တွေ့ရတယ်။ မြေကြီးပေါ် ဒီအတိုင်း ကြည့်ရင်တော့ ရွက်ခြောက် ညိုမဲမဲတွေပဲ တွေ့ရပေမဲ့ ခုလို ပုဇွန်ဆီရောင် သမ်းနေတဲ့ ကောင်းကင်ကြီး နောက်ခံနဲ့ သစ်ရွက် ညိုဝါဝါတွေ ဝေ့လည်ပြီး ကြွေနေကြတာတော့ အတော်လှတယ်။ လိုင်းကားမှတ်တိုင်နဲ့ အိမ်နဲ့ကြားမှာ ဒီ ငါးနှစ်အတွင်း နေ့တိုင်း ခေါင်းငုံ့ပြီး စိုက်စိုက် ငိုက်ငိုက်နဲ့ လမ်းလျှောက်နေကျပဲ။ ဒီနေ့တော့ လမ်းလျှောက်တာ ခဏလေး ရပ်ပြီး မော့ကြည့်နေမိတယ်။ ဖောက်သည်မလာသေးတဲ့ ကြံရည်ဆိုင်က စားပွဲထိုးလေးဟာ ခွေးခြေခုံ ပေါ်မှာ ထိုင်နေရင်း စားပွဲပေါ် ခေါင်းတင်ပြီး အိပ်ပျော်နေတယ်။

ကြည့်နေရင်းနဲ့ပဲ လမ်းတစ်လျှောက်က အပင်ပေါင်းစုံကနေ သစ်ရွက် ပေါင်းစုံ ကြွေကျနေကြတယ်။ သစ်ရွက်ခြောက်တွေ ကြားထဲမှာ ဖိနပ်ကို လျှပ်တိုက်ပြီး လမ်းလျှောက်ရတာကို ငယ်ငယ်ကတည်းက သဘောကျတယ်။ အိမ်ပြန်ရောက်ရင် ရေချိုး၊ ထမင်းချက်ရဦးမယ် ဆိုတာကို ပြန်စဉ်းစားမိမှ ကောင်းကင်ကို ငေးနေလျှက်က ခေါင်းငိုက်စိုက်ပြီး လမ်းလျှောက်ဖို့ ပြင်လိုက်တယ်။

ခြေထောက်နဲ့ ဖိနပ်ကို မြင်တော့ သားရေ ဖိနပ်ကို မမြင်တော့ပဲ ငယ်ငယ်က ဆင်ကြယ်ဖိနပ်လေးကို ပြန်မြင်ရတယ်။ ထမင်းချိုင့်ကို ကိုင်ထားရင်းနဲ့ လွယ်အိတ်ကို နောက်ပြန် ပို့လိုက်ပြီး ပုဆိုးကို ရှည်ရှည် ဝတ်လိုက်တယ်။ ကြံရည်ဆိုင် စားပွဲထိုးလေးသာ ခေါင်းထောင်ပြီး ကြည့်နေရင် ကျနော် ကျေကျေနပ်နပ်ကြီး ပြုံးနေတာကို မြင်ပြီး ဘယ်လိုထင်မလဲ မသိဘူး။ မှောက်အိပ်နေတာ တော်သေးတာပေါ့။ သစ်ရွက်ခြောက်တွေ ကြားထဲ ဖိနပ်လျှပ်တိုက်ပြီး လျှောက်မိတယ်။ အောက်ခြေက သဲတွေက ဖိနပ် အောက်ခြေထဲကို ဝင်လာပြီး ခြေဖဝါးက အေး အေး သွားတယ်။

တစ်လှမ်း နှစ်လှမ်း လျှောက်ရင်း ဘဝမှာ ခေါင်းမော့ပြီး လမ်းမလျှောက်ဖြစ်တာ အတော်ကြာပြီ ဆိုတာကို တွေးမိတယ်။ အဲဒါနဲ့ ခေါင်းကို မော့၊ ကိုင်းညွှတ်နေတဲ့ ခါးကို ပြန်မတ်ကြည့်ပြီး တစ်လှမ်း နှစ်လှမ်း လျှောက်ကြည့်တယ်။ ခက်ခဲလိုက်တာ။ ခါးက အလိုလို ပြန်ကိုင်းသွားတယ်။ မထူးတော့ပါဘူးလေ။ ရုံးရောက်လည်း ဘယ်သူ့ရှေ့ ရောက်ရောက် ခါးကိုင်းထားရတာဆိုတော့ ဒီအတိုင်းပဲ နေတာ ကောင်းပါတယ် ဆိုပြီး တွေးမိတယ်။

ငယ်ငယ်တုန်းက အတိုင်း စိတ်ထဲမှာ ခံစားမိလိုက်တော့ ကျောင်းအပြန် အိမ်မှာ ဘာဟင်းများ ချက်ထားပါ့မလဲ ဆိုတာကို တွေးမိပြန်တယ်။ အဲဒီတော့မှ အမေလည်း ရိပ်သာဝင်နေတာကို ပြန်သတိရပြီး စိတ်ထဲ ညစ်သွားမိတယ်။ မနေ့က ကျန်တဲ့ ငါးနဲ့ ချဉ်ပေါင်ဟင်း ချက်မယ်။ နောက် မြိတ်ငါးပိထောင်း အထုပ်လေးတွေ ကျန်သေးတယ်။ တခါတလေတော့ အမေ့လို ရိပ်သာဝင်နေလိုက်ရင် ကောင်းမလားလို့ စိတ်ထဲ ပေါက်ပေါက်ရှာရှာ စဉ်းစားမိတယ်။

အိမ်ရှေ့မှာတော့ ကုလားထိုင် အပျက်တွေ၊ စာအုပ်ဟောင်းတွေ စုထည့်ထားတဲ့ စတိုခန်းလေး ရှိတယ်။ တကယ်တော့ အရင်တုန်းက အဲဒါဟာ ဆေးခန်းလေး ဖြစ်ခဲ့တယ်။ အဖေ့ရှေ့မှာ အဖေ့ လူနာတွေက အခု ကျနော် ခါးကိုင်းသလို ခါးကိုင်းပြီး ဆရာလို့ အားကိုးတကြီး ခေါ်ခဲ့ကြတယ်။ အခု အဲဒီအခန်းလေးထဲမှာ ဂုန်အိတ်နဲ့ ထည့်ပြီး ချုပ်ထားတဲ့ ကျနော် တစ်ချိန်က ဖတ်ကြည့်ဖူးတဲ့ အဖေ့စာအုပ်တွေရယ်၊ ပလတ်စတစ်ကြိုးနဲ့ ချည်ထားတဲ့ ကျနော့်ရဲ့ ကျောင်းစာအုပ် ဟောင်းတွေလည်း ရှိနေပါတယ်။ နောက် ကျနော့ရဲ့ မျက်မှန် အဟောင်းတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။

အမေ ကျောင်းမှာ မအားသေးလို့ အိမ်ပြန်မလာနိုင်သေးတိုင်း ကျောင်းနဲ့ နီးတဲ့ အဖေ့ဆေးရုံမှာ သွားသွား ထိုင်နေခဲ့ဖူးတယ်။ ကျနော့်စိတ်ထဲမှာ တွေးမိတာက။ အမေ စာမသင်ရင် လူတွေ ပညာမတတ်ရုံပဲ ရှိပေမဲ့ အဖေသာ ဆေးမကုရင် လူတွေ သေကုန်ကြမှာပဲ ဆိုပြီး တွေးမိတယ်။ ဒီလိုနဲ့ ဆရာကြီး ဖြစ်ချင်သလိုလို ဒေါက်တာကြီး ဖြစ်ချင်သလိုလိုနဲ့ ကျနော်ဟာလည်း ဒေါက်တာကြီးမှ ဒေါက်တာကြီး ဖြစ်ချင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ တစ်နှစ်ထက် တစ်နှစ် မျက်မှန်က ပိုပို ထူလာခဲ့တယ်။

ကျနော့်ဘဝမှာ ရည်းစား တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ ပုပုဝဝ ပုလင်းဖင် မျက်မှန်နဲ့ စာကြမ်းပိုးကို ဘယ်သူက ကြိုက်မှာလဲ။ ကျနော်ကလည်း ဂရုမစိုက်ခဲ့ပါဘူး။ ဆရာဝန်ဖြစ်ရင် ယူချင်ကြတဲ့ မိန်းမတွေမှ ပေါမှပေါ ဆိုတယ်မဟုတ်လား။ အဲဒီတော့ ကျနော့်ဘဝမှာ အသဲကွဲတယ် ဆိုတာ မရှိခဲ့ဖူးဘူး။ တကယ် အသဲကွဲတဲ့ လွမ်းခန်းကတော့ ဆယ်တန်း အောင်စာရင်းထွက်မှ စတာပါ။ ကျနော် ဘာလို့ အမှတ် မမီတာလဲ ဆိုတာကို ကျနော် ဘယ်လိုမှ နားမလည်နိုင်ဘူး။ အောင်စာရင်း ကြည့်ပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ မတွေ့ခင်မှာ ကျနော် ပြေးထွက်ခဲ့တယ်။

အဲဒီတုန်းကလည်း လမ်းတစ်လျှောက်မှာ သစ်ရွက်ခြောက်တွေ ပြည့်နေခဲ့တယ်။ သစ်ရွက်ခြောက်တွေကို တဂွမ်းဂွမ်းနဲ့ နင်းနင်းပြီး ပြေးနေရင်း ကြွေကျတဲ့ တချို့ သစ်ရွက်တွေဟာ ကျနော့်ကိုတောင် အတင့်ရဲရဲနဲ့ ဝင်တိုက်ပြီး လမ်းမပေါ်ကို ကျဲပြန့်ကုန်ကြတယ်။ ဒီလိုနဲ့ အမှတ်တွေကိုလည်း နှမြောတာနဲ့ ကျနော်လည်း ကိုယ်ဖြစ်ချင်တဲ့ ဆရာဝန်လည်း ဖြစ်လို့မမီ၊ ကျောင်းဆရာလည်း မဖြစ်ရပါပဲ နောက်ဆုံးတော့ ဗိသုကာ ကျောင်းသား ဖြစ်လာတယ်။ နောက်ဆုံးတော့ အလုပ်က မရနဲ့ ရတဲ့အလုပ် ဝင်ရင်း အခုလို ရုံးစာရေးပဲ ဖြစ်လာတာပါပဲ။ အဲဒါနဲ့ ကျနော်ဟာ နေရောင်နဲ့ ကောင်းကင်ကို မကြည့်နိုင်ပဲ မြေပြင်ကိုပဲ စိုက်ကြည့်ရင်း ခေါင်းငုံ့ လမ်းလျှောက်တတ်ခဲ့တယ်။

ဒီနေ့တော့ ထူးထူးခြားခြား ကောင်းကင်ကို မော့ကြည့်မိတယ်။

ဘာပဲပြောပြော ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေထဲမှာ ကျနော် မပါသေးဘူး။ ကြံရည်ဆိုင် စားပွဲပုပေါ်မှာ မှောက်အိပ်နေရတဲ့ စားပွဲထိုးလေးလည်း မဖြစ်သေးပါဘူး။ လမ်းလျှောက်တာ ခဏရပ်ပြီး မော့ကြည့်နေတုန်း ပူအိုက်နေတဲ့ ရာသီကို ဖြတ်ပြီး တိုက်လာတဲ့ လေပူတွေက မျက်နှာကို လာရိုက်တယ်။ လေပူပဲ ဖြစ်ဖြစ် လေအေးပဲ ဖြစ်ဖြစ် ဒီတစ်ခါတော့ ကျနော့်ကို အားတက်လာစေတယ်။ လျှပ်တိုက်နေတဲ့ ခြေထောက်ကို ကြွပြီး လျှောက်လိုက်တယ်။ ခါးကတော့ လိုလို ပြန်ကိုင်းသွားတယ်။ မနက်ဖျန်လည်း အလုပ်သွားရဦးမယ်။

Labels:

posted by Htoo Myat
6/10/2009

0 comments