<meta name='google-adsense-platform-account' content='ca-host-pub-1556223355139109'/> <meta name='google-adsense-platform-domain' content='blogspot.com'/> <!-- --><style type="text/css">@import url(https://www.blogger.com/static/v1/v-css/navbar/3334278262-classic.css); div.b-mobile {display:none;} </style> </head><body><script type="text/javascript"> function setAttributeOnload(object, attribute, val) { if(window.addEventListener) { window.addEventListener('load', function(){ object[attribute] = val; }, false); } else { window.attachEvent('onload', function(){ object[attribute] = val; }); } } </script> <div id="navbar-iframe-container"></div> <script type="text/javascript" src="https://apis.google.com/js/platform.js"></script> <script type="text/javascript"> gapi.load("gapi.iframes:gapi.iframes.style.bubble", function() { if (gapi.iframes && gapi.iframes.getContext) { gapi.iframes.getContext().openChild({ url: 'https://www.blogger.com/navbar.g?targetBlogID\x3d8146522117768614472\x26blogName\x3dHtoo+Myat\x27s+short+stories\x26publishMode\x3dPUBLISH_MODE_BLOGSPOT\x26navbarType\x3dBLACK\x26layoutType\x3dCLASSIC\x26searchRoot\x3dhttps://htoomyat-shortstories.blogspot.com/search\x26blogLocale\x3den\x26v\x3d2\x26homepageUrl\x3dhttp://htoomyat-shortstories.blogspot.com/\x26vt\x3d2159661767791859916', where: document.getElementById("navbar-iframe-container"), id: "navbar-iframe" }); } }); </script>

အဖိုးရဲ့ ဖောင်တိန်

December 23, 2008



အားလုံး ပြီးဆုံးသွား စေမဲ့ ဒီစာရွက်လေးကို ကြည့်မိတော့ အရောင်က ငါ့ အသားရောင် လောက်တောင် ၀ါကျင့်ကျင့် ဖြစ်မနေရှာဘူး။ ပုရွက်ဆိတ်လေးကို ချချ ကျွေးဖြစ်တဲ့ ထမင်းစေ့လေးတွေ လောက်လည်း ဖြူဖွေး တောက်ပမှု ရှိမနေပြန်ဘူး။ ဒါပေမဲ့ ငါ့ဘ၀ကြီး လောက်လည်း မမည်းညစ်ဘူး။ ဖတ်မယ်လို့ ဆွဲယူလိုက်တော့ ပေါ့ပေါ့ ပါးပါးပဲ ပါလာတယ်။ ကုန်သွားခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုစာ နီးပါးလောက်လည်း လေးလံမနေပါဘူး။

စာတွေကို ဖတ်ပေမဲ့ ၀ါးဝါး လာတော့ ဘာမှလည်း မမြင်နိုင်ဘူး ဖြစ်နေတယ်။ နေ့တိုင်း လုပ်စရာ မရှိ ကြမ်းပိုးတွေ ကြားထဲ တစ်ချိန်လုံး ကျိတ်မှိတ် အိပ်ခဲ့တာတောင် ငါ့မျက်လုံးက အနားမယူရသလို ဘာလို့ မှုန်ဝါးနေရတာလဲ။ စာလုံးတွေ တစ်လုံးမှ မမြင်နိုင်တော့တဲ့ စာရွက်ကို ကြည့်ရင်း တချိန်တုန်းက ဒီလို စာရွက်မျိုးကို ကိုင်ထားခဲ့ ဖူးတာကိုပဲ ပြန်သတိရတယ်။

ငယ်ငယ် တုန်းက လေးကြောင်းမျဉ်း စာရွက်လေးတွေမှာ အေ၊ ဘီ၊ စီ၊ ဒီ ရေးခဲ့တဲ့ ကာလကိုလည်း မဆီ မဆိုင် သတိရမိသေးရဲ့။ တရားရုံးပေါ် သက်သေခံ ပစ္စည်းအဖြစ် စားပွဲပေါ် တင်ပြခဲ့တဲ့ စာရွက်လေးကို ဖယောင်းတုံးနဲ့ လှိမ့်ခဲ့ကြတာတွေကို ပြန်မြင်ပြန်ရော။ ဒါပေမဲ့ ဒီစာရွက်လို အသားမကောင်းပဲ ၀ါကျင့်ကျင့် ဖြစ်နေခဲ့တာပေါ့။ ဒီစာရွက် လိုလည်း စာသားတွေက သပ်သပ်ရပ်ရပ် မရှိခဲ့ဘူး။ တစ်ဆက်တည်းမှာ ဖြန့်ဖတ်ခဲ့ရတဲ့ ဆေးပေါ့လိပ် အစီခံထဲက သတင်းစာ စက္ကူပိုင်းကလေး ကိုလည်း သတိရမိသား... စိတ်ကူးထဲမှာ အဲဒီက စာသားတွေ လိုက်ဖတ်ရင်း ထုံးစံအတိုင်း စာရွက်တိုလေး ဆုံးသွားတော့ မျက်လုံး အကြည့်က အုတ်နံရံမှာပဲ ဆုံးသွားတယ်။

ဘေးနားမှာ ချထားတဲ့ ဘောပင်ကို ကြည့်ပြန်တော့လည်း မဆီမဆိုင် အခန်း တလာစီတုန်းက ရှာတွေ့သွားလို့ သေကောင်ပေါင်းလဲ ရိုက်ခံခဲ့ရတဲ့ မှင်ကုန်ခါနီး ရေးလို့ရရုံ မင်ချောင်း အစုတ်လေး တစ်ချောင်းကို ပြန် မြင်မိပြန်တယ်။ နောက်တစ်ခါ ငါ့မြေး ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားနော် ဆိုပြီး ရန်ကုန် မလာခင် အဖိုး ၀ယ်ပေးခဲ့တဲ့ ဖောင်တိန်လေးကို သတိရပြန်တယ်။ အဆောင်မှာပဲ ပျောက်သွားလား၊ ပြေးလွှား နေရတုန်းကပဲ ပျောက်သွားလားတော့ မမှတ်မိတော့ပြန်ဘူး။ မှတ်မှတ်ရရ အဲဒီ ဖောင်တိန်လေးကို ဒီထဲမှာ အခုထိ စုစုပေါင်းမှ သုံးခါပဲ ပြန်သတိရဖူးတယ်။ အခု လက်မှတ် ထိုးရတော့မဲ့ အခါရယ်၊ အဖိုး ဆုံးသွားတယ်လို့ အမေ လာတွေ့တုန်းက ပြောသွားတဲ့ တစ်ခေါက်ရယ်၊ ဖော်ကောင်ကို ဖိနပ်ဘုတ်မှာ ပြန်တွေ့ရ တုန်းကရယ်... အဲဒီတုန်းကတော့ အဲဒီ ဖောင်တိန်လေးသာ ရှိရင် ငါ သူ့ကို ထိုးသတ်လို့ ရသားကွာ... ဆိုပြီး သိပ် သတိရမိတာပဲ။

တကယ်တော့ အချိန်ဟာ လူကို ကုစားနိုင်တာမှ သီးခံစိတ်ပါ ရင့်သန်လာအောင် လုပ်ပေးနိုင်သားပဲ။ အခုနေ ဓါးတစ်လက် ရှေ့မှာချပြီး အဲဒီလူကို သတ်ခိုင်းရင်တောင် ငါ့မှာ သတ်ဖြစ်တော့မယ် မထင်မိဘူး။

အချိန်ဟာ စိတ်ကို ကုစားနိုင်ပေမဲ့ တခါတလေတော့ ဟိုးရှေးရှေးတုန်းက ကံ့ကော်တော ဆိုတာကို လွမ်းဆွတ်မိပါရဲ့... အလွမ်းထဲမှာ ကံ့ကော်တောတောင် ပါလာမှတော့ သူလည်း ပါတာပေါ့လေ။ တခါတလေ စိတ်ကူးထဲမယ် ကံ့ကော်တောက ပျောက် ပျောက်သွားပေမဲ့ သူကတော့ အမြဲတမ်း ဆက်ပါပါ လာတတ်တယ်။ သူနဲ့ အတူတူစားရတဲ့ သူ့ထမင်းချိုင့်က ဟင်းတွေကိုတောင် အသေးစိတ် သတိရမိတယ်... အထူးသဖြင့် ငပိထောင်းထဲ သဲသိပ်ရောနေလို့ စားမဖြစ်တဲ့ အခါမှာပေါ့လေ။

တခါတလေ ရေချိုးချရင် ဆေးလိပ်တိုလေးတွေ အလစ်မှာ လိုက်လိုက် မကောက်ဖြစ်တဲ့ အခါမျိုးဆို အင်းလျား ကန်ဘောင်ရဲ့ လေပြေလေးတွေ တိုက်နေသလို ခံစားချင်မိသား။ အင်း... အေးအေးဆေးဆေး တခါ ပြန်သွားပြီး ဗူးကျော်လေး စားပါဦးမှပဲ။ အဲဒါကြောင့် လွတ်တာနဲ့ ရွာကို တန်းမပြန်ချင်သေးဘူး။ တကယ်တော့ ရန်ကုန်မှာ နေပြီး ကံ့ကော်တောကို တစ်ခေါက်တော့ ပြန်သွားချင်သေးတာ... ဒါပေမဲ့ နုပျိုခြင်းနဲ့သာ သက်ဆိုင်တဲ့ တက္ကသိုလ်ဟာ ငါ့အတွက် ဘာမှ အဓိပ္ပါယ် မရှိတော့ပါဘူး။ ဘာလိုလိုနဲ့ ဒီနှစ်ဆို သူ့ သားတောင် ကံ့ကော်တောကို ရောက်နေ လောက်ပြီပဲလေ။

သံမံတလင်းပေါ်မှာ ဖျာစုတ်ခင်းပြီး နှစ်ရှည်လများ အိပ်လို့ ရင်ခေါင်းသံနဲ့ ပုံမှန်ဆိုးတတ်တဲ့ ငါ့ ချောင်းသံလောက်တောင် အတိတ်ဟာ ၀မ်းနည်းစရာ မကောင်းပါဘူး။ ၀မ်းနည်းစရာ အဆွေး ရုပ်ရှင်ကို ထပ်ခါ ထပ်ခါ ကြည့်ရင် ၀မ်းမနည်းတော့ပဲ ရယ်တောင် ရယ်ချင်မိလာ တတ်သလိုပေါ့။ ငါလည်း မရယ်ချင်ပေမဲ့ အထူးတလည်တော့ ၀မ်းမနည်းဖြစ်တော့ဘူး။ ဖြစ်ချင်တာတွေ ဘယ်သောအခါမှ ပြန်မဖြစ်နိုင်တော့တဲ့ နောက်၊ နောင်တဆိုတာလည်း မရတတ်တော့ဘူး။ နှစ် ၂၀ နီးပါး ငါ ဒုက္ခခံ စောင့်နေခဲ့တာတောင် ငါ့ကို လာမကယ်နိုင်ကြသေးတဲ့ မင်းတို့တွေ ကိုလည်း ငါ အပြစ်မတင်တော့ပါဘူး။

လောလောဆယ်တော့ လှောင်အိမ် ထဲက ငှက်တစ်ကောင်လို လေးခွစာ မမိခင်လေး တံခါးပွင့်တုန်း ပျံသန်း ထွက်ပြေး လိုက်ချင်တယ်။ နေ့လည်ကျ အသတ်ခံရတော့မဲ့ ကြက်တစ်ကောင်လို လှောင်ထားတဲ့ ခြံထဲကနေ ထွက်လာတဲ့ နေမင်းကြီးနဲ့ အပြိုင် အိမ်ခေါင်မိုး ထိပ်ပေါ်ကို နောက်ဆုံးအကြိမ် တွန်ဖို့အတွက် ခုန်တက် လိုက်ချင်တယ်။

လောလောဆယ်တော့ လေးငါးနှစ်နဲ့ ဘွဲ့ရပြီး ရွာမပြန်တော့တဲ့ လူတွေထက်စာရင်၊ ဆယ်စုနှစ် နှစ်ခုစာ နီးပါးမှာ တက္ကသိုလ် နှစ်မျိုး တက်ခဲ့ပြီး လွယ်အိတ်စုတ် တစ်လုံးနဲ့ ပြန်လာမဲ့ ငါ့ကို... အမေမရှိတော့တဲ့ ရွာလေးက ၀မ်းပန်းတသာ ဆီးကြိုမှာပါပဲ။ နိုင်ငံရေး မလုပ်တော့ပါဘူးဆိုတဲ့ စာရွက်မှာ ဘာလို့ လက်မှတ်ထိုးခဲ့လို့ ငါ့ကို ငကြောက်ကြီးလို ၀ိုင်းပြောကြမဲ့ ငါ့သူငယ်ချင်းတွေနဲ့ တွေ့ရရင် ပြောပြဖို့လည်း ငါ့ ကိုယ်တွေ့ ပုံပြင်တွေ အများကြီး ပါလာခဲ့လေရဲ့။ သေချာတာတော့ ကျနော် ပညာတတ်ကြီးရဲ့ နှစ် နှစ်ဆယ် ပညာသင် ဘွဲ့ရ လက်မှတ်ထိုးပွဲမှာ အဖိုးပေးတဲ့ ဖောင်တိန်လေးနဲ့ ထိုးနိုင်မှာ မဟုတ်တော့ပါဘူး အဖိုးရေ...။

Labels:

posted by Htoo Myat
12/23/2008

0 comments