ဒီနေ့ မင်း သော့ချိတ်လေး ပျောက်သွားတယ်။ ဟိုးတစ်ခါ ငါတို့ စကားပြော နေကြတုန်းက ငါ့ ကျောပိုးအိတ်မှာ ချိတ်ပေးထားတဲ့ ဟာလေးပေါ့။ တကယ်တော့ ငါလည်း သတိထားပါတယ်။ ဒါပေမဲ့ ဒီကနေ့ လိုင်းကားပေါ်က အဆင်းမှာ ကျောပိုးအိတ်က ထစ်ခနဲ ဖြစ်သွားသား... နောက် အိမ်ပြန်ရောက်မှ မရှိတော့တာ တွေ့တယ်။ ဘာနဲ့ငြိပြီး ပြုတ်သွားလဲ မသိပါဘူးကွာ...
ငါ့ ရုံးဆင်းချိန်ရဲ့ ဓလေ့အတိုင်း အပြင်မှာက ပိုပိုမှောင်လာတယ်။ ပုရစ်တွေက ရွှီရွှီ ရွှီရွှီ နဲ့ အော်နေတယ်။ ဒီအချိန် လမ်းထိပ် စတိုးဆိုင်လေးကနေ ဖုန်းလှမ်းဆက်ရင်တော့ တစ်ဖက် လဘက်ရည်ဆိုင်ကနေ လှမ်းအော်နေကြတဲ့ အသံတွေ မင်းလည်း ကြားရမယ်။ တခါတလေဆို ဂိုး... ဆိုတာတောင် ပါလိုက်သေးတယ်။ ဘောလုံးပွဲဟာ မင်းနဲ့ ငါရဲ့ စကားဝိုင်းထဲတောင် ၀င်လာခဲ့ကြတယ်။ အခု ဖုန်းဆက်ဖို့ မလိုတော့မှ တိတ်ဆိတ်နေလိုက်တာ။
မင်းတို့ လမ်းထဲကို ချိုးဝင်တဲ့ ငါတို့လမ်းရဲ့ အဆုံးဟာ အရင်အတိုင်းပဲ။ မြေနီလမ်းကနေ ကတ္တရာ လမ်းပေါ် တက်တာ ဆိုတော့ မင်းတို့ဖက်က ဆင်းလာရင် ကားက ဒုံးခနဲ ဒုံးခနဲ နိမ့်နိမ့်ဆင်းသွားတတ်တယ်။ လမ်းမီး မှိန်မှိန်ကနေ ဗွက်အိုင်ကို မြင်နေရတယ်။ ထုံးစံအတိုင်း ငါ့ခြေထောက်က စွပ်ခနဲ နစ်သွားတယ်။ ငါ့ ရာဘာဖိနပ်ကို တော်တော်နဲ့ ပြန်ဆွဲထုတ်လို့ မရဘူး။ ထွက်လာတော့ ငါ မြေမာမာနဲ့ ဖိနပ်ကို ရှပ်တိုက် လိုက်တယ်။ ဗွက်အိုင်ထဲ နစ်သွားလို့ ရွှံ့တွေ ကပ်နေတဲ့ ငါ့ဖိနပ်ဟာလည်း မင်းအလှထဲ နစ်သွားခဲ့ဖူးတဲ့ ငါ့စိတ်လို လေးလံသွားတယ်။
ဆိုက်ကားဆရာ ကိုဖိုးကျော်ကတော့ ထုံးစံအတိုင်းပဲ ငါဗွက်ထဲ နစ်သွားတိုင်း အော်အော်ရယ်နေတုန်းပဲ။ သူစပြီး မြှောက်ပေးခဲ့ရာကနေ အဆုံးသတ်မလှခဲ့တဲ့ ဇာတ်လမ်းလေး တစ်ခုကို ပြန်ပြန်သတိရတိုင်း ရယ်တာက ဟက်ဟက်ပက်ပက် မရှိတော့သလို ဖြစ်ဖြစ်သွားတယ်။ အခုတော့ ညပိုင်းမို့ ဆိုက်ကားဂိတ်မှာ လူမရှိဘူး။ သူတို့ ထိုးနေကြ ကျားကွက်လေးကို ကင်းတဲ နံရံမှာ မှီထောင်ထားတယ်။ ငါလည်း ကျားတစ်ကောင် ဖြစ်ခဲ့ဖူးပါတယ်။ မင်းကစားဖို့ပေါ့။
ဒီညလည်း မနေ့ညကလိုပဲ ငါ လဘက်ရည် နှစ်ခွက်နဲ့ပဲ ညစာ ပြီးဦးမယ်။ ငါ ဖက်ကြမ်း သောက်နေရတာ ကြာခဲ့ပြီ။ လန်ဒန်က ဈေးကြီးတယ်။ အရင်ကတောင် မင်းနဲ့ တွေ့လို့ ဆေးလိပ် သောက်ချင်မှ အဲဒါ ၀ယ်သောက်တာ။ အခု မင်းမကြိုက်တဲ့ ငါက မင်းမကြိုက်တဲ့ ဆေးလိပ်ကို သောက်တာ တကယ်တော့ ဘာမှ ပြဿနာ မရှိလောက်ပါဘူး။
မင်းတို့မိဘတွေက ထမင်းကို ဘယ်လိုစားရမယ်ဆိုတာပဲ သင်တယ်။ ထမင်းကို ဘယ်လို မဆာအောင် လုပ်ရမယ် ဆိုတာ ဘယ်တော့မှ သင်ပြဖူးမယ် မထင်ဘူး။ ဆေးလိပ်မကောင်းမှန်း ငါသိပါတယ်။ ဘွဲ့တစ်လုံး ရထားတာပဲဟာ ငါသိတာပေါ့။ ဒါပေမဲ့ ညစာတစ်နပ်စီ လျှော့ပြီး ဆေးလိပ်ပဲ သောက်ရင် တစ်လ တစ်လကို ဘယ်လောက် ပို အဆင်ပြေမှန်းကိုလည်း ငါပဲ ပိုသိပါတယ်။
မင်းနဲ့ငါ တူနှစ်ကိုယ် တဲအိုပျက်မှာ နေမယ်လို့ လျှောက်ပြောခဲ့ဖူးတာတွေ ပြန်သတိရတယ်။ အခုတော့လည်း ငယ်ငယ်တုန်းက ပေါ့လေ။ အဲဒီတုန်းကတော့ စိတ်ကူးယဉ်ချင်စရာပေါ့။ မင်းတကယ် မနေနိုင်မှန်း မင်းရော ငါရော သိခဲ့ကြပေမဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။
အရင် အပတ်က ငါ လခတိုးတယ်။ ဒါပေမဲ့ ဈေးတွေကလည်း နှစ်ဆ တက်သွားတယ်။ ဈေးသွားလည်း ငါက ဈေးမဆစ်တတ်တော့ ပိုပိုကုန်တယ်။ မင်းနဲ့ငါ ရည်းစားဖြစ်တုန်းက မင်းဈေးဆစ်သလို ဆစ်တတ်သွားဖို့ ကောင်းတာ။ စကားမစပ် တစ်နေ့က ကုမ္ပဏီ ပစ္စည်းတွေ ၀ယ်ဖို့ စကော့ဈေးထဲ ရောက်တော့ မင်းကိုတောင် သတိရမိသေးတယ်။ သူငယ်ချင်းနဲ့ တွေ့တော့ မင်းက အထုပ်တွေ ဆွဲပြီး ဘေးမှာ ရပ်နေတဲ့ ငါ့ကို ဒရိုက်ဗာလို့ မိတ်ဆက်ပေးခဲ့တာ ပြန်သတိရတယ်။ တကယ်တမ်းကျတော့ မင်းတောင် ငါ့ကို ပြန်ချော့ဖို့ မလိုခဲ့ပါဘူး။ အရာရာကို ငါ တဖြည်းဖြည်း နားလည်တတ်လာပါပြီ။
တကယ်ဆို အခု ငါတစ်ယောက်တည်း သိပ်အထီးကျန်ပါတယ်။
တက္ကစီ ငှားမစီးဘဲ လိုင်းကားနဲ့ မြို့ထဲ အတူ လျှောက်သွားလို့ ရတဲ့ ချစ်သူ တစ်ယောက် ထပ်ရှိချင်တယ်။ လမ်းဘေး စားသောက်ဆိုင်လေးမှာ အတူထိုင်စားလို့ ရတဲ့ ချစ်သူပေါ့။ သူဟာ ငါ ပိုက်ဆံ အခက်အခဲ ရှိလို့ ညတိုင်း ဖုန်း မဆက်နိုင်ရင်လည်း နားလည်ပေးမှာပဲ။ သူ့သူငယ်ချင်းတွေနဲ့ လမ်းမှာ တွေ့ရင်လည်း ငါ့ကို မိတ်ဆက်ပေးဖို့ ရှက်မှာမဟုတ်ဘူး။ ဘ၀ရဲ့ အဓိပ္ပါယ်ကိုလည်း ပိုနားလည်လိမ့်မယ်။ မင်းမပျော်ခဲ့တဲ့ ငါ့ဘ၀ထဲမှာ ပျော်အောင် နေပြလိမ့်မယ်။
လမ်းထိပ် စတိုးဆိုင်မှာ ချာတိတ် တစ်ယောက် ဖုန်းပြောနေတယ်။ ငါ့တုန်းကလိုပဲ ဖြစ်မှာပါ။ ရယ်သံတော့ သိပ်မကြားရဘူး။ ဒီကောင် ကံကောင်းပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ မင်းတို့အိမ်က အပေါ်ထပ်က မီးလင်းနေတယ်။ မင်း အိမ်ခွဲသွား ပြီးတဲ့နောက် အဲဒီအခန်းမှာ နောက်ထပ် ဘယ်သူ နေနေလဲ မသိဘူး။ ငါနဲ့မဆိုင်တော့လို့ ငါ မျက်နှာလွှဲလိုက်ပါတယ်။
လဘက်ရည်ဆိုင်ထဲ ရောက်ပြီး ထိုင်ချလိုက်တော့ လေတောင် မချွန်လိုက်ရပဲ စားပွဲထိုးက ထုံးစံအတိုင်းလား အကိုလို့ မေးတယ်။ ငါ့ခေါင်းတောင် တစ်ဝက်တစ်ပြက်ပဲ ငြှိမ့်ရသေးတယ် ကျဆိမ့် ၀မ်းလို့ လှမ်းအော်လိုက်တယ်။

Labels: short stories